ပဲခူးမြို့တွင် ရှေးဟောင်းဟံသာဝတီမြို့ဟောင်းပြန်လည်တူးဖော်နိုင်ရေးအတွက် မေ ၁၅ ရက်မှ စတင်ကာ လက်ရှိမြေပြင်အခြေအနေကို
ကွင်းဆင်းစစ်ဆေး၍ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ဟံသာဝတီ မြို့ရိုး၊မြို့ဝင်ပေါက်၊ကျုံးတို့အား ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးမြေပြင်အခြေအနေ ကွင်းဆင်းမှတ်တမ်းတင်ရန် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၊ဌာနဆိုင်ရာဝန်ထမ်းများမှ
နည်းပညာဆိုင်ရာ၊စက်ပိုင်းဆိုင်ရာများ၊ဒရုန်းများဖြင့် ဝေဟင်မှ မှတ်တမ်းယူခြင်းအား အနည်းဆုံးအချိန် ၂ လကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွက သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဟံသာဝတီ မြို့ဟောင်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ရှေးဟောင်းမြို့တစ်မြို့၏ အင်္ဂါရပ်များရှိရန်အတွက်
မြို့၏အနေအထား၊မြို့ရိုး၏ အနေအထား၊ကျုံးရဲ့အနေအထားများကို သုတေသနလုပ်ရန် ကွင်းဆင်းမှတ်တမ်းတင်မည်ဖြစ်သည်။လုပ်ငန်းလစ်ဟာမှုမရှိစေရေး အတွက် ပြင်ပပညာရှင်များ၊ပြည်သူများ၏
အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ပူးပေါင်းဆောင်ရွက်မှလည်း ထိုလုပ်ငန်းသည် အောင်မြင်မည်ဟု ယူဆထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။
ပဲခူးမြို့ရွှေမော်ဓောဘုရားကြီး၏ အနောက်တောင်ထောင့် ကိုက် ၅ဝဝခန့်အကွာတွင် သက္ကရာဇ် ၉၂၈ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ခဲ့သော ကမ္ဘောဇသာဒီနန်းတော်ကြီးဖြစ်ခဲ့ပြီး
၎င်း၏ အရှေ့ဘက်တွင် ကွယ်ပျောက်နေသော မြို့ရိုးကျုံးပတ်လမ်းဟောင်းအား ပြန်လည် တူးဖော်မွမ်းမံရန် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ကျပ်သိန်း ၂ဝဝဝကျော်ဖြင့် ဆောင်ရွက်ရန် လျာထားကြောင်းသိရသည်။
ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သော ဘုရင့်နောင် မင်းတရားကြီး သည် မြို့ပြများ၊နန်းမြို့ရိုးများ၊ကျုံးများမည်သို့တည်ဆောက်ထားရှိသည်ကို ပြည်တွင်းမှ လေ့လာနေသူများနှင့် ပြည်ပမှ
ခရီးသွားဧည့်သည်များ သိရှိနိုင်ရေး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပြန်လည် ထုတ်ဖော်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။