မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ရန် အတွက် FIFA Forward Program အနေဖြင့် ခွင့်ပြုပေးပါရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ထံသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တင်ပြတောင်းခံခဲ့ရာ ဖီဖာမှခွင့်ပြု ကြောင်း အကြောင်းပြန်ကြားခဲ့ပြီ ဖြစ်သည်။
MFF Futsal Indoor Stadium တည်ဆောက်ရန်အတွက် ဖီဖာမှ FIFA Forward Program အနေဖြင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဖီဖာမှ ပုံမှန်စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်သည်။
အဆိုပါ ဖူဆယ်ကွင်း တည်ဆောက်ရေး အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က တင်ဒါကြေညာခဲ့ပြီးနောက် အောင်မြင်ခဲ့သည့် Suntac Company အနေဖြင့် လက်ရှိအချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ဖူဆယ်အားကစားရုံ ပြီးစီးမည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ အထိအားပေးကြည့်ရှုနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ဖူဆယ် ကွင်းတည်ဆောက်ခြင်းအား ဖီဖာခွင့်ပြုချက် ရရှိပြီးဖြစ်ရာ သုဝဏ္ဏဘောလုံးကွင်း မီးစင်မီးလုံးများ Flood Light အဆင့်မြှင်တင်ရန် အမေရိကန် ဒေါ်လာ တစ်သိန်းခွဲနှင့် လေ့ကျင့်ရေး ကွင်းသစ် တို့အတွက်လိုအပ်မည့် အမေရိကန် ဒေါ်လာ တစ်သိန်း စုစုပေါင်း ဒေါ်လာ နှစ်သိန်းခွဲ ကိုလည်း FIFA Forward Program အတိုင်းထပ်မံ၍ ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်သည်။