မြန်မာနိုင်ငံတွင် ပထမဆုံး အမှိုက်မှစွမ်းအင် (waste-to-energy) ထုတ်နိုင်မည့် စက်ရုံကို ရန်ကုန်မြို့ရှိ ရွှေပြည်သာစက်မှုဇုန်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ထိုစီမံကိန်းကိုလှော်ကားလမ်းဘေး မြေ ၁၅ ဧကပေါ်တွင် ၂၀၁၅ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါသည်။
ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှ JFE Engineering မှတာဝန်ယူဆောက်လုပ်နေပါသည်။
ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ မှ ပူးပေါင်းအကောင်အထည်ဖော်ကြောင်းသိရသည်။
ထိုစီမံကိန်း အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၈.၂ သန်းခန့် ထည့်ဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ ဒေါ်လာ ၈ သန်းခန့်ထည့်ဝင်မည် ဖြစ်ကြောင်းသိရသည်။
ထိုစက်ရုံတွင် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း တန် ၆၀ လောင်ကျွမ်း ပြီး လျှပ်စစ် ၇၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
၃၀၀ ကီလိုဝပ်ကို ပင်မဓာတ်အားလိုင်းသို့ ထည့်သွင်းပြီး ကျန် ၄၀၀ ကီလိုဝပ်ကို စက်ရုံလည်ပတ်ရန် ပြန်လည် အသုံးချသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုစက်ရုံပုံမှန်လည်ပတ်နိုင်ရန် မင်္ဂလာဒုံမြို့နယ် မှ နေ့စဉ်ထွက်ရှိသော စွန့်ပစ်ပစ္စည်း တန် ၇၀ ခန့်ကို အသုံးပြုသွားမည် ဖြစ်သည်။
ထိုစီမံကိန်းမှ တစ်နှစ်လျှင် ကာဗွန် ထုတ်လွှတ်မှု တန် ၄၆၀၀ ခန့် ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။
စွန့်ပစ်အမှိုက်တစ်ရက်လျှင် တန် ၆၀ နှုန်းဖြင့်သုံးရက်စာတန် ၁၈၀ အသင့်စုပုံနိုင်သောသိုလှောင်ရုံကို တည်ဆောက်ထားပြီး ဖြစ်ကြောင်းသိရသည်။
မီးဖိုမှထုတ်လွှတ်လိုက်သောစွန့်ထုတ်ဓာတ်ငွေ့များကို စစ်ထုတ်ဆန်ခါတင်အိတ် (bag filter)များဖြင့်ဖုန်မှုန့်များကို စုဆောင်းစုပ်ယူမည် ဟုသိရသည်။
ထိုစစ်ထုတ်ဆန်ခါအိတ်များ(bag filter)ဖြင့် စုပ်ယူထားသော နေ့စဉ် ဝ.၅ တန်ပမာဏခန့်ရှိသည့် ပြာများ(fly ash)ကိုနောက်ဆုံးအမှိုက်စုဆောင်းရာနေရာသို့ သယ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။
လောင်ကျွမ်းမီးဖိုမှ စွန့်ပစ်ပြာတစ်ရက်လျှင် ငါးတန်ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုစွန့်ပစ်ပြာများမှ ကတ္တရာ နှင့်ဘလောက်တုံးများအဖြစ်ပြန်လည် အသုံးချနိုင်မည်ဟု သိရသည်။
အမှိုက်များထားရှိရာနေရာတွင်အမှိုက်မှစိမ့်ရေများထွက်ရှိသည့်အတွက် သန့်စင်ကန်သို့ပို့ဆောင်ပေးပြီး သဘာဝအခြောက်ခံခြင်းနှင့် မီးဖိုတွင် လောင်ကျွမ်းစေခြင်းဖြင့် စွန့်ပစ်ရေများကြောင့် မြေပေါ်မြေအောက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ထိန်းသိမ်းထားမည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from myanmaralin.