တိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိသွားမည့် တံတားကြီးငါးစင်း


13 December, 2019

ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရသစ်လက်ထက်တွင် အသစ်တည်ဆောက်နေသည့် တံတားကြီး ငါးစင်းရှိပြီး တံတားအားလုံးအား ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ တည်ဆောက်ပြီးစီးပါက တိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိ သွားမည်ဖြစ်ကြောင်း သိရသည်။
 
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအား ဆက်သွယ်ပေးမည့် ကမ်းခြေပတ်လမ်းတွင် အဓိကအစိတ်အပိုင်းဖြစ်သော ငရုတ်ကောင်း-ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ- မကျီးဇင်- ကျောက်ချွန်- ဂွလမ်းပေါ်ရှိ မကျီးဇင်ချောင်းကူး ပေအရှည် ၅၅၁ ဒသမ ၂ ပေရှိ မကျီးဇင် တံတားတည်ဆောက်နေမှုမှာ ၁၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ယင်းတံတားပြီးစီးပါက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်း စီမံကိန်းလုပ်ငန်းအချို့ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုအားနည်းလာသည့် ပုသိမ်ကြိုး တံတားနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ပေအရှည် ၂၃၈၀ ရှိ ငဝန်မြစ်ကူး ပုသိမ်တံတားအမှတ် (၂) တည်ဆောက်နေမှုမှာလည်း ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်တည်ဆောက်နေကြောင်း သိရပါသည်။
 
နာဂစ်မုန်တိုင်းပြီးချိန်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆက်သွယ်သွားလာနိုင်ရန် ဖော်ဆောင်ခဲ့သည့် နာဂစ်လမ်းမကြီးများအနက် လမ်းမကြီးအမှတ် (၁၀) ဖြစ်သည့် ဘိုကလေး-မော်လမြိုင်ကျွန်း- ကျုံမငေး- ဝါးခယ်မ- မြောင်းမြလမ်းပေါ်ရှိ စော်ကဲမြစ်ကူး၊ စော်ကဲ တံတားနှင့် ကျွန်းပြဿဒ်မြစ်ကူး ကျွန်းပြဿဒ်တံတားများမှာလည်း ၂၀၂၀ ခုနှစ် အတွင်း ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
 
ယင်းအပြင် ကြံ့ခိုင်မှုအားနည်းလာသည့် အိမ်မဲ-ဝါးခယ်မလမ်းပေါ်ရှိ ပြန်မလော့မြစ်ကူး ကျွန်းကုန်းကြိုးတံတားနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ကျွန်းကုန်းတံတားအသစ် စီမံကိန်းမှာလည်း ၂၀၂ဝခုနှစ်အတွင်းမှာပင် ပြီးစီး မည်ဖြစ်သော ကြောင့် တံတားများပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိပြီး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
 
“မကျီးဇင်တံတားကတော့ ပေ ၅၅၀ ရှိတယ် လောလောဆယ်ကတော့ ၁၆ရာ ခိုင်နှုန်းလောက်ပြီးနေပါပြီ အဲ့ဒါက ၂၀၁၉ -၂၀၂ဝမှာ အပြီးဆောက်ရမဲ့ တံတားထဲမှာ ပါတာပေါ့။ နောက် ပုသိမ်မြစ်ကူးတံတာကြီးပေါ့နော် ပေ ၂၃၀၀ လောက်ရှိပါတယ်။ ၎င်းတံတားကိုလည်း ကျွန်တော် တို့က ၂၀၁၉ -၂၀၂၀ မှာ ပြီးစီးအောင် တံတားအထူးအဖွဲ့တွေက ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်တာပေါ့။ လောလောဆယ်တော့ ၂၂ ရာခိုင်နှုန်းလောက် ပြီးစီးပြီလို့ ပြောလို့ရတာပေါ့။ နောက် အဓိက အရေးကြီးတဲ့ နာဂစ်ချိန် က ပါခဲ့တဲ့ နာဂစ်လမ်း ၁၁ ပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းရှိတာပေါ့နော်။ အဲ့ဒါကတော့ မော်ကျွန်း- ကျုံမငေး- မြောင်းမြလမ်းပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းပေါ့။ အဲဒါကတော့ စော်ကဲတံတားနဲ့ ကျွန်းပြသာဒ်ပေါ့နော်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်နေ တာပေါ့နော်။ အဲဒါ ကလည်း ပေနှစ်ထောင်ကျော်တွေချည်းပါပဲ တံတားကြီးတွေ ဒီတံတားကြီးတွေဆိုလို့ရှိရင်လည်း ပြည်ထောင်စုဘတ်ဂျက်နဲ့ကိုဒါ အမြန်ဆုံး ၂၀၂၀ လောက်မှာ ပြီးနိုင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီတံတားပြီး သွားရင်တော့ ကျွန်တော်တို့တိုင်းရဲ့ လမ်းပိုင်းကွန် ရက်က ပတ်လည်ချိတ်ဆက်မိသွားပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

Infrastructure and Zones Read 72 times