ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်လမ်းပိုင်းများအပါအဝင်အရေးကြီးသည့် ရထားလမ်းပိုင်းငါးခုအဆင့်မြှင့်တင်မည်
ရန်ကုန်မန္တလေး၊ရန်ုကုန်ပြည်လမ်းပိုင်းများအပါအဝင်အရေးကြီးသည့်ရထားလမ်းပိုင်းငါးခုကိုအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာတစ်နိုင်ငံလုံး၏ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ဆောင်ရွက်ရန်အတွက် ဒေါ်လာဘီလျံ၆၀ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းအတွက် မဖြစ်မနေဆောင်ရွက်ရမည့် ရထားလမ်းပိုင်းငါးခုကိုသာ ဦးစားပေးဆောင်ရွက်ရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
အဆင့်မြှင့်တင်မည့် ရထားလမ်းပိုင်းငါးခုမှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရရာခိုင်နှုန်း ၈၀ ခန့်ရှိပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း ၃၈၅ မိုင်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမိုင် ၃၄၀၊ ရန်ကုန်-မော်လမြိုင် ၁၇၆ မိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမိုင်၁၆၀နှင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို ကနဦးအကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်နေပြီး ဂျပန်ချေးငွေဒေါ်လာ သန်း ၂၀၀ ကျော်ဖြင့်ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို၂၀၂၀-၂၀၂၁ တွင်အပြီးသတ် ပြီးစီးရန်ခန့်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် သုံးနာရီကြာမြို့ပတ်လမ်းကို ၁ နာရီမိနစ် ၅၀ ခန့်အတွင်းရောက်ရှိနိုင်ရန်ဆောင်ရွက်နေပြီး မကြာသေးမီရက်ပိုင်းကပင် ဘုရားလမ်း-အင်းစိန်နှင့် တညင်းကုန်း-ပုဇွန်တောင်လမ်းပိုင်း အဆင့်မြင့်တင်ရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
လာမည့်နှစ်နှစ်အတွင်း ရုပ်လုံးပေါ်လာမည့် ရန်ကုန်မြို့ပတ်ရထား စနစ်တစ်ခုလုံး အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် အကြိုအင်ဂျင်နီယာများ၊ ရထားလမ်းတာပေါင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရထားလမ်းပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၊ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနုတ်မြောင်းလုပ်ငန်းများပါဝင်ပါသည်။
ထို့ပြင် ကားလမ်းကူး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးအဆောက်အအုံ ၊ဂိတ်တဲတည်ဆောက်ခြင်းလုပ်ငန်းများ၊ ဘူတာနှင့် ပလက်ဖောင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ DEMU တွဲဆိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းစက်ရုံများအတွက် လိုအပ်သောလုပ်ငန်းများ အပါအဝင် အချက်ပြနှင့် ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားပေးခြင်း လုပ်ငန်းဆိုင်ရာ မြို့ပြ အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများကို တင်ဒါခေါ်ယူမည် ဖြစ်ကြောင်းသိရသည်။
Source:daily eleven