မြန်မာနိုင်ငံ၏ ပထမဆုံးမြို့တော်အိမ်ရာ စီမံကိန်းဖြစ်သည့် FMI City အိမ်ရာစီမံကိန်း တည်ဆောက်မှု ပြီးစီးခဲ့ခြင်း ကြောင့် အိမ်ရာစီမံကွပ်ကဲမှုနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ စက်တင်ဘာ ၃ဝ ရက်တွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း FMIက သတင်းထုတ်ပြန်သည်။
FMI Cityအိမ်ရာစီမံကိန်းကို ၁၉၉၅ခုနှစ်မှ စတင်ကာ အုတ်မြစ်ချတည်ဆောက်ခဲ့ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် FMIတို့ ပူးပေါင်းကာတည်ဆောက်ခဲ့ခြင်းကြောင့် စည်ကားဖွံ့ဖြိုးပြီး အဆင့်မြင့်အိမ်ရာ တစ်ခုအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါရှိသည်။
FMI Cityအိမ်ရာတွင် အိမ်ရာအမျိုးအစားလေးမျိုးပါရှိပြီး အိမ်ခြေစုစုပေါင်း နှစ်ထောင်ခန့် ရှိကာနေထိုင်သူ ရှစ်ထောင်နီးပါးရှိနေပြီဖြစ်သည်။
FMI Cityသည် ရန်ကုန်မြို့လယ်မှ ၉မိုင်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၆မိုင်အကွာတွင်တည်ရှိပြီး ၄၆၅ဧကကျယ်ဝန်းကာ အိမ်ရာတွင် အားကစားကွင်းနှင့် အပန်းဖြေရန်နေရာ၊ဈေးဝယ်စင်တာ၊အသားငါး အသီးရွက်ဈေး၊ဘဏ်၊စားသောက်ဆိုင်များနှင့် ပန်းဥယျာဉ်တို့ကို ထည့်သွင်းတည်ဆောက်ထားသည်။
FMI City တည်ဆောက်ပြီးနောက် FMI ကုပ္မဏီက နှစ်အတန်ကြာ အိမ်ရာကွပ်ကဲမှုနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးခဲ့သော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်း များနှင့်အညီ တည်ဆောက်ပြီးဖြစ်သည့်အတွက် အိမ်ရာစီမံကိန်းကို အစိုးရအဖွဲ့သို့ လွှဲပြောင်းကာ FMI ကုပ္မဏီ အနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။