ရန်ကုန်တိုင်းဒေသကြီး ရှိသီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့် လေးလမ်းသွားအဆင့်မြှင့်တင်ခြင်းစီမံကိန်းကို လာမည့်နှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
လေးလမ်းသွားအဆင့်မြှင့်တင်ခြင်းစီမံကိန်းသည် သန်လျင်တံတား အမှတ်(၁) မှ သီလဝါ အထူးစီးပွားရေးဇုန် အထိဆောင်ရွက်မည်ဖြစ်ပြီးလမ်း၏ အရှည်သည် ၈.၇ ကီလိုမီတာ ရှိမည်ဖြစ်ကြောင်း ယင်းလေးလမ်းသွားအဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ထောက်ပံ့ချေးငွေ ဂျပန်ယန်း ၄၆၃ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြြစ်ကြောင်း၊ထို့ပြင် သန်လျင်တံတားအမှတ်(၁) ချဉ်းကပ်လမ်း ပျက်စီးနေမှုပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတံတားချဉ်းကပ်လမ်းများပျက်စီးနေမှုများကြောင့် မော်တော်ယာဉ်များ သွားလာရာတွင် ကြန့်ကြာမှုများနှင့် အခက်အခဲဖြစ်ပေါ်နေမှုများကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊လုပ်ငန်းစဉ်များအတွက် မိုးရာသီကာလ လမ်းပေါက်များနေရာတွင် Water Bound များဖြင့် လည်းကောင်း ပြန်လည်ပြုပြင်ရန်နှင့် ပျက်စီးနေသည့် သန်လျင်တံတားအမှတ်(၁)ထိပ်မှ မီးပွိုင့်လမ်းဆုံးအထိ လမ်းပိုင်းနေရာများတွင်ကတ္တရာ၊ကွန်ကရစ်ခင်းခြင်းကို တစ်ပတ်အတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် ပဲခူးမြစ်ကိုဖြတ်၍ သန်လျင်နှင့် သာကေတမြို့နယ်တို့ကိုဆက်သွယ်မည့် သန်လျင်တံတားအမှတ်(၃) တံတားသစ်ကို နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၏ကြီးကြပ်မှုဖြင့် စတင်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။