ဂျပန်အကူအညီဖြင့် ကရင်နှင့်စစ်ကိုင်းတွင် ရေငုတ်တံတား (၄) စင်း တည်ဆောက်မည်


13 December, 2019

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေငုတ်တံတား ၄ စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
အဆိုပါ ရေငုတ်တံတား တည်ဆောက်ခြင်းကို ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan Infrastructure Partners - JIP) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနှင့်ပူးပေါင်းပြီး တည်ဆောက်သွားမည်ဟု ယင်းဝန်ကြီးဌာနထံမှ သိရသည်။
 
အဆိုပါတံတားများကို သံကူကွန်ကရစ်ဖြင့် တစ်တွဲတစ်ဆက်တည်း ပူးတွဲတည်ဆောက်သည့်ပုံစံဖြစ်ပြီး ဒေသခံဆောက်လုပ်ရေးသမားများအနေဖြင့်လည်း (ဘိုးလ်ပိုင်မှအပ) လွယ်ကူစွာ တည်ဆောက်နိုင်သည်ဟု ဆိုသည်။
 
တစ်နှစ်ပတ်လုံး ရေစီးဆင်းမှုမရှိဘဲ နှစ်စဉ် မိုးရာသီရောက်ချိန်မှ အခိုက်အတန့်သာ စီးဆင်းလျက်ရှိသည့်ချောင်းများ၌ တံတားကြီးများ တည်ဆောက်ပါက ကုန်ကျစရိတ် များပြားမည်ဖြစ်သဖြင့် အဆိုပါတံတားများကို တည်ဆောက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
 
ရေဖြတ်သန်းစီးဆင်းချိန်၌ တံတား၏လက်ရန်းများကို ဖြုတ်သိမ်းထားနိုင်မည်ဖြစ်ပြီး ၎င်းတံတားတည်ဆောက်ပြီးစီးပါက ကျေးရွာများကို အကျိုးပြုနိုင်မည်ဟု ဆိုသည်။
 
လက်ရှိတွင် ရေငုတ်တံတားများ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ (Japan Infrastructure Partners - JIP) အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို မေလ ၂၈ ရက်က ရေးထိုးခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရေကျော်တံတား (၇)စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နည်းပညာ အကူအညီများ ဖြင့်ဆောက်လုပ်ခဲ့သည်။

Infrastructure and Zones Read 64 times