တစ်မူထူးခြားတဲ့ အများသုံး အိမ်သာ (၁)


02 September, 2021

အနာဂတ်စိတ်ကူးများဖြင့် အများသုံးအိမ်သာတစ်လုံးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှီဘူယမှာ တည်ဆောက်ခဲ့ပါတယ်။ စကားသံဖြင့် အမိန့်ပေး စေခိုင်းနိုင်အောင် စီမံပေးထားတယ်။ 
ဒီဇိုင်းသမားက Kazoo Sato ဖြစ်ပြီး အင်္ဂလိပ်စကားနဲ့ ဂျပန်စကား နှစ်မျိုး သုံးနိုင်တယ်။ ဂီတသံဖြင့် ဖျော်ဖြေရေးလည်း စီစဉ်ပေးထားတယ်။ 

ပုံပန်းသဏ္ဍန်က အာကာသယာဉ် ထိပ်ဖူးနဲ့ ဆင်ဆင်တူနေတဲ့ အိမ်သာက Tokyo Toilet စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အတော်ဆုံး အထူးချွန်ဆုံး ဗိသုကာပညာရှင်တွေ၊ ဆန်းစစ်တီထွင်မှုမှာ တော်တဲ့သူတွေရဲ့ စိတ်ကူးတွေကို လက်တွေအကောင်အထည်ဖော်ပါတယ်။ ယခုအိမ်သာရဲ့ စိတ်ကူးရှင် Kazoo Sato က TBWA/Hakuhodo ကြော်ငြာအေဂျင်စီရဲ့ chief creative officer ဖြစ်ပါတယ်။ 

Sato က ကိုဗစ်ကာလမှ လက်ဖြင့် ထိတွေ့ရတာတွေကို လူတွေ တတ်နိုင်သမျှ ရှောင်ကြဉ်လိုကြတဲ့အချက်ကို ဖြည့်ဆည်းပေးတဲ့အနေဖြင့် အိမ်သာကို အသံဖြင့် စေခိုင်းလို့ ရအောင် ဒီဇိုင်းထုတ်ခဲ့ပါတယ်။ 

အိမ်သာထဲ ဝင်လိုက်ပြီးရင် ‘hi, toilet’ လို့ ပီပီသသ ပြောဆိုပြီး နှုတ်ခွန်းဆက်လိုက်ပါ။ ခေါင်းလောင်းသံတစ်ချက်ပေးပြီး စေခိုင်းတာကို လုပ်ဖို့ အသင့်ဖြစ်ကြောင်း အကြောင်းပြန်ပါတယ်။ 
တံခါးအဖွင့်အပိတ် ခိုင်းဖို့အတွက် ‘open the door’ ‘close the door’ လို့ ပီပီသသ ပြောလိုက်ရုံပါပဲ။ တံခါးကို လက်နဲ့ ထိကိုင်စရာ မလိုဘူး။ ဖွင့်ခိုင်းရင် ဖွင့်ပေးမယ်။ ပိတ်ခိုင်းရင် ပိတ်ပေးပါလိမ့်မယ်။ ရေဆွဲချစေချင်ရင်  ‘flush toilet’ လို့ ပီပီသသ ပြောပြီး စေခိုင်းလိုက်ရုံပါပဲ။ ဝမ်းဗိုက်ကြွက်သားတွေ အလုပ်လုပ်ဖို့အတွက် ဂီတသံကိုလည်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။ 

မျက်နှာကြက်အမြင့်က လေးမီတာ ရှိပြီး လေဝင်လေထွက် စီစဉ်ပေးထားလို့ အနံ့အသက်တွေ ပိတ်လှောင်နေမှာကို ပူစရာမလိုဘူး။ 
 Shibuya ရဲ့  Nanago Dori Park ထဲမှာ တည်ဆောက်ပေးထားတာ ဖြစ်ပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရတဲ့သူတွေအတွက်ပါ အဆင်ပြေအောင် ထည့်စဉ်းစားပေးထားပါတယ်။ 
 

 

 

 

 

 

Tips Read 385 times