ကျောက်ဆည်ခရိုင်တွင် ကန်ဒေါ်လာ ၉၂ ဒသမ ၆၈ သန်းရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား ၁၄၅ ဒသမ ၄၉ မဂ္ဂါဝပ် ထုတ်လုပ်မည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့ကြောင်းသိရသည်။
ယင်းစက်ရုံကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်၊ဘဲလင်းကျေးရွာ၊၂၃ဝ KV ဓာတ်အားခွဲရုံတွင် တည်ဆောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်လျှောက်ထားလွှာများအား စိစစ်ခြင်း၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ခွင့်ပြုမိန့် သုံးခုနှင့် အတည်ပြုမိန့်သုံးခုတို့ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၂၇ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တို့တွင် ခွင့်ပြုခဲ့ပြီး ငါးတင်ငါးချဆိပ်ခံတံတား ဝန်ဆောင်မှုလုပ်ငန်း၊Treated Water Supply ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ပါဝင်ကြောင်းသိရသည်။