စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ၂၀၁၅ခုနှစ်က ရေကြီးမှုကြောင့် နေရာအများအပြားတွင် လမ်းတံတားနှင့် လူနေအိမ်အမြောက်အမြား ပျက်စီးခဲ့သည့်အတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KTW) အကူအညီဖြင့် ကျေးလက်လမ်းတံတားများ ပြန်လည်ထူထောင်ရေးကို ဆောက်လုပ်ရေးဝန် ကြီးဌာန တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယင်းအစီအစဉ်တွင် ဂျာမနီအစိုးရက ယူရိုငွေ ၁၀ သန်း ထောက်ပံ့ပေးရန် မြန်မာအစိုးရအား ကတိပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ဂျာမနီကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ကလေးမြို့သို့ သက်ဆိုင်ရာဌာနများနှင့်အတူ လမ်းတံတားပျက်စီးမှုများကို ကွင်းဆင်းလေ့လာသည်ဟု သိရသည်။
ယင်းနောက် လမ်းတံတားများ ပြန်လည်ပြုပြင်ရန် စီမံကိန်းများ ရေးဆွဲခဲ့သည်ဟုလည်း သိရသည်။
ဒါ့အပြင် ဂျာမနီအစိုးရမှ ဂျာမနီအကြံပေးအင်ဂျင်နီယာအဖွဲ့အား တာဝန်ပေးအပ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ပါသည်။
ထို့နောက် တင်ဒါအောင်မြင်သော ကုမ္ပဏီလေးခုက ကွန်ကရစ်တံတား နှစ်စင်း၊ ၄၀၉ မီတာရှိ ရေကျော် နှစ်စင်း၊ ၄ ဒသမ ၄၃၄ ကီလိုမီတာရှိ ကတ္တရာလမ်း နှစ်ခုတို့ကို ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျာမနီအကြံပေးအဖွဲ့တို့၏ ညွှန်ကြားမှုအာက်တွင် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။