ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိသည်။ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက် သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။
ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။
ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို လည်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ကာ ၎င်းလမ်း ပေါ်တွင် မီးရထားဖြတ်သန်း သွားနိုင်မည့် ဂုတ်ထိပ်တံတား ကို ဆောက်လုပ်ခဲ့ကြသည်။
ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက မြန်မာ့မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။
ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုတ်ထိပ်တံတားကြီး ဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား နှင့် မေရီလန်းစတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။
သို့သော် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ မြန်မာ့မီးရထား ဌာနမှ အင်ဂျင်နီယာSir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများဖြစ်ကြသည်။
တံတားအတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက် ရိုက် မှာယူတင်သွင်းခဲ့သည်။
ဂုတ်ထိပ်တံတားကြီး၏ ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသောသံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။
ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပေသည်။
ဂုတ်ထိပ်တံတားသည် ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ အောက်ခြေသံတိုင် အချို့ကို အနိမ့်ဆုံး ချိုင့်ဝှမ်း မြေပြင်မှ ပေ ၁၁ဝဝ ခန့်အမြင့်တွင် စိုက်ထူထားသည်။
တံတား၏ပျမ်းမျှအမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်း နေသော မြစ်ရေပြင်မှ အထက် ပေ ၈၂ဝ ဖြစ်ပြီး အမြင့်ဆုံး ထောက်တိုင်နေရာရှိ မီးရထားသံလမ်းသည် တံတားအောက်မြေပြင် မှ ၃၃၅ ပေ အမြင့်တွင် တည်ရှိသည်။
တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်းတစ်သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတားကြီး၏ အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ် ရှစ်နှင့် ကိုးသည် အမြင့်ဆုံးဖြစ်ကြသည်။
ရထားလမ်းဖြတ်သန်းသွားမည့် ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုကို ဖြတ်သန်းလျက် တောင်ထိပ် နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့ရသည်။
တံတားကြီး ဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် (၁၆၉၈၂ဝဝ) ကုန်ကျခဲ့သည်။
၁၉ဝ၃ ခုနှစ်တွင် တံတား ကြီးကို စတင်အသုံးပြုခဲ့သည်။ဂုတ်ထိပ်တံတားကြီးသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်း ကို ခံခဲ့ရသဖြင့် တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတား အလယ်တိုင် လေးတိုင်ကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တိုင် အမှတ် (၁၁) သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂) တို့မှာ လဲကျပျက်စီးခဲ့ကြသည်။
ထိုတိုင် များပေါ်တွင် တပ်ဆင်ထားသော ပေ ၁၂ဝ စီ ရှည်သည့် ပေါင်းကူး သံပေါင်လေးခုသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ကြသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာနိုင်ငံ မီးရထားဌာနက ပြင်ဆင်ခဲ့သည်။
ဂုတ်ထိပ် တံတား ပြင်ဆင်ခြင်း လုပ်ငန်းများကို ၁၉၄၈ ခုနှစ် မေလ တွင် စတင်လုပ်ဆောင် ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော် အချိန်ကြာမြင့်ခဲ့ကာ ၁၉၅၁ ခုနှစ်သြဂုတ်လတွင် ပြီးစီး ခဲ့သည်။
ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။ မီးရထားပေါ်မှမြင်ရသည့် ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေသည်။
ယခုအခါ သက်တမ်း ၁၁၅ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ဂုတ်ထိပ်တံတားသို့ သွားရောက် ကြည့်ရှုလိုသူ ကမ္ဘာ လှည့် ခရီးသည်များလည်း အများအပြားလာရောက်ကြပါသည်။
ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကိုမြင်နိုင်သည်။
ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြရပေသည်။ နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။