ဂုတ်ထိပ်တံတားကြီးနှင့်အပြိုင် တံတားသစ်တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲပြီးစီး


07 December, 2019

ကမ္ဘာကျော်ဂုတ်ထိပ်တံတားနှင့်အပြိုင် အသစ်ထပ်မံတည်ဆောက်မည့် ဂုတ်ထိပ်တံတားကို တိုင်းရင်းသားလုပ်ငန်းရှင်များဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဒီဇိုင်းရေးဆွဲမှုပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

        ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျမည့် အဆိုပါတံတားသစ်ကို Cable Stayed တံတားအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ "ဂုတ်ထိပ်တံတားနဲ့အပြိုင်ဆောက်မည့် ဂုတ်တွင်းတံတားကလည်း ဒီဇိုင်းထုတ်ပြီး လမ်းနေရာအတွက် ဆောင်ရွက်ဆဲဖြစ်ပါတယ်။ PPPနဲ့ဆောက်မှာ ချေးငွေနဲ့ မဟုတ်ဘူး။ PPPနဲ့ဆောက်မှာမို့လို့ နှစ်ဖက်ညှိနှိုင်းပြီး စာချုပ်စာတမ်းကိစ္စတွေနဲ့ လုပ်နေတယ်။ မြန်မာတိုင်းရင်းသားကုမ္ပဏီနဲ့ပဲ ဆောက်မယ်။ တရုတ်ကုမ္ပဏီ CCCC က အကြံပေးအဖြစ် လုပ်ပေးနေပါတယ်" ဟု တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ပြောသည်။

        အဆိုပါတံတားကို မန္တလေး လားရှိုး လမ်းတွင်ရှိသော ဂုတ်တွင်း၌မော်တော်ကားတစ်စီးပျက်ပါက ကားများအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် အချိန်ကုန်သက်သာစေရန် တည်ဆောက်ခြင်းဖြစ်ပြီး ယင်းတံတားကြီး ပြီးစီးသွားပါက ဂုတ်တွင်းထဲတွင်ဝင်ထွက်သွားလာရသည့်အချိန် ၄၅ မိနစ်ကျော် သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

Local Read 80 times