မြေဧကတစ်သောင်းကျော်တွင် ဘီလျံ ၁၅ဝ ကျော်ရင်းနှီးမြှုုပ်နှံအကောင်အထည်ဖော်နေသည့် မန္တလေး၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း၌ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို မတ် ၂၄ ရက်က ပန္နက်တင်အခမ်းအနား ပြုလုပ်ကာ စတင်တည်ဆောက်လျက်ရှိပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည် ။
“စက်ရုံတည်ဆောက်မှုအပိုင်းက ဒီဇင်ဘာမှာ အပြီးတည်နေတယ်။ ရှေ့နှစ်မတ်လမှာတော့ ကားတွေ စထွက်မယ်လို့ ပြောတယ်။ ဒါက တပ်ဆင်ထုတ်လုပ်မှုအဆင့်ပေါ့။ သူတို့ Plan က ရှေ့နှစ်ထဲမှာ ကားစီးရေ ၃၀၀ ကျော်လောက် တပ်ဆင်ထုတ်လုပ်ဖို့ ပြင်ဆင်ထားတာ ကြည့်ခဲ့ရတယ်”
ဟု မြို့သာ စက်မှုဥယျာဉ် စီမံကိန်းမန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောကြားသည် ။
အဆိုပါ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း၌ လက်ရှိအချိန်တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလည်ပတ်နေသည့် စက်ရုံခုနစ်ရုံရှိနေပြီး Gold AYA Mortors International Group Co Ltd မှ Doda နှင့် Gold AYA တံဆိပ်ကားများကို ၂၀၁၉ မတ်လတွင် မော်တော်ကားတပ်ဆင်ထုတ်လုပ်သည့်အဆင့် ရောက်ရှိမည်ဖြစ်ပြီး အဆိုပါ မော်တော်ကားစက်ရုံမှ အိမ်သုံးကားများ၊ SUV ၊ MPV ၊ ရုံးသုံးကားများ၊ ထရပ်ကားများ၊ အထူးမော်တော်ယာဉ်များနှင့် Bettery မော်တော်ကားများအစရှိသည့် ကားအမျိုး အစားခုနစ်မျိုးနှင့် Model အသစ် (၁၀)မျိုးကို ထုတ်လုပ်ရန်စီစဉ်ထားကြောင်း သိရပြီး ထုတ်လုပ်ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ဘဏ်နှင့်ချိတ်ဆက်ပြီး မော်တော်ကားရောင်းချခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်သွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ “လည်ပတ်နေတဲ့ စက်ရုံ ခုနစ်ရုံရှိပါပြီ။ တည်ဆောက်ဆဲအဆင့်မှာတော့ စက်ရုံ ၃၀ လောက်ရှိပါမယ်။ ထပ်ဝင်လာဖို့ စာချုပ်ချုပ်ဆိုထားပြီး ဒီဇိုင်းဆွဲနေတဲ့ စက်ရုံတွေနဲ့ စိတ်ဝင်စားကြောင်းပြသတဲ့ နိုင်ငံ ၁၀ နိုင်ငံလောက်ရှိပါတယ်။ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ဟောင်ကောင်၊ သြစတြေးလျနဲ့ အာရှနိုင်ငံတွေပါပါတယ်” ဟု မြို့သာစက်မှုဥယျာဉ် စီမံကိန်းမန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောကြားခဲ့သည်။
“လတ်တလောမှာ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ အင်ဒိုနီးရှားက JAPFA အစာစပ်စက်ရုံက ၂၀၁၅ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး အခုထပ်တိုးအနေနဲ့ မြေဧက ၅၂ ဧကမှာ အလုပ်ရုံ ၁၂ ရုံတည်ဆောက်နေတယ်။ အဲဒီစက်ရုံတွေက မေ၊ ဇွန်လောက်မှာ ပြီးသွားမှာဖြစ်ပါတယ်။ နောက်တစ်ရုံကတော့ ဟောင်ကောင်ကနေ ၁၀၀ ရာခိုင်နှုန်းလည်ပတ်နေတဲ့ သစ်ပါးလွှာစက်ရုံပါ။ လုပ်ငန်းလည်ပတ်နေတာ နှစ်နှစ်ရှိပါပြီ။ နောက်ထပ်ကတော့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသားဖက်စပ်လုပ်ကိုင်နေတဲ့ ဘီစကစ်စက်ရုံရှိပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကွန်ကရစ် ဓာတ်တိုင်စက်ရုံလည်းရှိပြီး အခုနောက်ဆုံးတရုတ်နိုင်ငံ ယူနန်ပြည်နယ်က နေမြေဧက ၃၁၃ ဧကပေါ် မှာ ဒေါ်လာ ၃၉၉ သန်းရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခု ဝင်လာပါပြီ”
ဟု ဒေါက်တာထွန်း ထွန်းအောင်က ဆက်လက်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့်ဆီမီးခံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ လက်ရှိအချိန်တွင် အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မန္တလေးမြို့သာ စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှုကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိထားပြီး လတ်တလောတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု နည်းပါးနေသေးသေးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၆၄ ဘီလျံနှင့် စီမံကိန်းမြေရောင်းချရမှု မှာ ၂၅ ဒသမ ၅၆ ဘီလျံသာ ရှိသေးကြောင်း မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမီတက် ၂၀၁၆-၁၇ နှစ်ပတ်လည် စာရင်များတွင် ဖော်ပြထားသည်။
Source:Daily Eleven