ရေကြီးမြေပြိုကျမှုကြောင့် လမ်းပိုင်း ပဲ့ကျသွားခဲ့သည့် မလွှဲတောင်လမ်းပိုင်း တွင် တည်ဆောက်ထားသည့် ဘေလီတံတားကို ၂၄ တန် အောက် ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။
သြဂုတ်လ ၁၆ ရက် ညနေ ၃ နာရီခွဲ ခန့်မှ ည ၇ နာရီခန့်အထိ ကားငယ်များကို စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။
၂၄ တန်ထက် ပိုသော ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းခွင့်မပေးဘဲ ကုန်ပစ္စည်းကို ကားငယ်များဖြင့် တစ်ဆင့်ခံ သယ်ယူရန် ကြပ်မတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ ဘေလီတံတား ခံနိုင်ရည် က ၂၄ တန်ပဲ ရှိတယ်”ဟု ဝန်ကြီး ဦးအောင် သူရက ပြောသည်။
အဆိုပါ လမ်းပိုင်းမှာ မိုးသည်းထန် စွာရွာသွန်းပြီးနောက် သြဂုတ်လ ၁၀ ရက်တွင် လမ်းမပေါ် မြေပြိုကျခြင်း၊ လက်ရှိဘေလီ တံတားဆောက်နေသည့် နေရာတွင် အရှည်ပေ ၁၀၀ ကျော် လမ်းသား ပဲ့ကျသွားခြင်းများ ဖြစ်ပွားခဲ့သည်။
လက်ရှိတည်ဆောက်ထားသည့် ဘေလီတံတားမှာ အရှည်ပေ ၁၂၀၊ အကျယ် ၁၅ပေ ရှိပြီး သွားလာရေး အဆင်ပြေစေရန် ယာယီတည်ဆောက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် တံတားအသစ် တစ်စီးထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရနှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။
မလွှဲတောင်လမ်းပိုင်း မြေပြိုကျနေသည့် နေရာများတွင် လတ်တလောသွား လာနိုင်ရန် ကားတစ်စီးသွားလာနိုင်မည့် အကျယ်အဝန်းကိုသာ ရှင်းလင်းထားသည့်အတွက် အတက်၊ အဆင်းကို တစ် လှည့်စီ သွားလာစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မလွှဲတောင်လမ်းပိုင် ၇၈ မိုင်အနီး တစ်နေရာတွင်လည်း လမ်းပြတ်တောက် နေပြီး ယင်းနေရာကိုမူ နံဘေးလမ်းငယ်ကို တစ်လမ်းမောင်းအဖြစ် အသုံးပြုမည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောသည်။
၂၄ တန်ထက် ပိုမိုသည့် ယာဉ်များ ဖြတ်သန်းမှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနက ကြပ်မတ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။