ပဲခူးမြို့ ဥဿမြို့သစ် ရပ်ကွက်ကြီး(၈)မြေတိုင်းအမှတ် (၂၇) ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ပဲခူးတက္ကသိုလ် မှ
စွန့်လွှတ်မြေဧရိယာ ၁၆ဝ ဧကပေါ်တွင် ပဲခူးမြို့ အစိုးရစက်မှုလက်မှု သိပ္ပံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အတွက် မြေနေရာအတိအကျသတ်မှတ်၍ နယ်နိမိတ် ကျောက်တိုင်များ စိုက်ထူရန် အစိုးရစက်မှုလက်မှုသိပ္ပံပတ်လမ်းနှင့် အဝင်လမ်း စတင်ဖောက်လုပ်မည့်နေရာများကို
လျာထားသတ်မှတ်ပေးခဲ့ပြီး အနာဂတ်တွ် မြို့ပြစီမံကိန်းနှင့် လိုက်လျောညီထွေမှုဖြစ်စေ ရန်ဆွေးနွေးကြောင်း သိရသည်။
ယင်းအစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)ကို ယခုလမှ စတင်ကာ စာသင်ဆောင် အာစီ သုံးထပ် တစ်လုံး၊အလုပ်ရုံ တစ်ထပ် Steel Structure တစ်လုံး၊လျှပ်စစ်မီး၊ရေရရှိရေး၊ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
ပဲခူးမြို့တွင် အစိုးရ စက်မှုလက်မှု သိပ္ပံ(ပဲခူး) တည်ဆောက်ခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော အင်ဂျင်နီယာများ ပေါ်ထွက်လာခြင်း၊ဒေသခံကျောင်းသား၊ကျောင်းသူများ အင်ဂျင်နီယာဘာသာရပ်ကို
အခြားမြို့များ တွင် သွားရောက်သင်ကြားရန်မလိုတော့ခြင်း၊ပတ်ဝန်းကျင် ရပ်ကွက်များတွင် ဈေးရောင်းချခြင်း၊အဆောင်ငှားခြင်းစသည့် စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင်ခြင်း နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်ကြောင်းသိရသည်။