Grant Aid နှင့် ODA Loan တို့အား ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြု


03 December, 2020

အစိုးရမှ ရယူထားသည့် နိုင်ငံခြားတိုင်းပြည်များနှင့် အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ (Grant Aid) နှင့် ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA Loan) တို့ဖြင့် ဆောင်ရွက်သော စီမံကိန်းများကို ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

အခွန်အကောက်ဥပဒေအရ အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် စီမံ/ဘဏ္ဍာဝန်ကြီး ၏လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအမျိုးအစားများဆောင်ရွက်နေသည့် မူလ သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်တာများအဖြစ် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများ၊ အကြံပေးများ၊ ဝန်ဆောင်မှုဆောင်ရွက်သူ အားလုံးကိုလည်း

ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုသည်။

ထို့ပြင် စီမံကိန်းများတွင် အသုံးပြုရန် တင်သွင်းလာသည့် ကုန်စည်များ၊ စက်ပစ္စည်းများ၊ လိုအပ်သော ဆက်စပ်ပစ္စည်းများအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ကင်းလွတ်ခွင့်ပြုထားသလို၊

ကုမ္ပဏီများ၊ အကြံပေးများ၊ ဝန်ဆောင်မှု ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့ရမည့် ဝန်ဆောင်ခအတွက် ပေးရမည့် ကုန်သွယ်လုပ်ငန်းခွန် (Output Tax)နှင့် ဝန်ဆောင်မှု လက်ခံသူအဖွဲ့အစည်းများက

ပေးချေရမည့် ကုန်သွယ်လုပ်ငန်းခွန် (Input Tax) ကိုလည်း ကင်းလွတ်ခွင့်ပြုထားသည်။

အလားတူ စီမံကိန်းလုပ်ငန်းအတွက် သဘောတူစာချုပ်တစ်ရပ်ရပ် ချုပ်ဆို၍ ပြည်တွင်း၌ ကုန်စည်ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်းအတွက် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်လည်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။

သို့သော်လည်း ကုန်စည်များ၊ ကုန်ကြမ်းများကို ဈေးဝယ်သည့် Shopping သဘောကဲ့သို့ ဝယ်ယူခြင်း၊ ဝန်ထမ်းများက ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် နေထိုင်စားသောက်ခြင်း၊

လျှပ်စစ်မီတာခနှင့် ကုန်တိုက်များတွင် အသုံးအဆောင်များ၊ စားသောက်ကုန်များ ဝယ်ယူခြင်း၊ ဖုန်းပြောဆိုမှုများ စသည့် ဝန်ဆောင်မှုများရယူခြင်းအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကိုမူ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ပေ။

အလားတူ ယင်းစီမံကိန်းများတွင်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား ဝန်ထမ်းများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကိုမူ ကင်းလွတ်ခွင့်ပြုမထားပေ။

နိုင်ငံခြားတိုင်းပြည်နှင့် အဖွဲ့အစည်းများ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေဖြင့်ဖော်ဆောင်သော စီမံကိန်းများကိုမူ နိုင်ငံတော်က အတိုးပေးရသည့်ငွေကိုလည်း ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုထားသည်ကို တွေ့ရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်များရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာနသို့ တင်ပြ၍ အတည်ပြုချက်တောင်းခံရမည်ဖြစ်သည်။

#Myanmar Builders Guide

How To Read 52 times