ယနေ့ခေတ်ဂရန်အချို့ ဥပဒေနှင့် ညီရဲ့လား???


19 November, 2020

ဂရန်ဆိုသည်မှာဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ အများကြီး ပါ။မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။

တည်ဆဲဥပဒေများတွင် အာဏာ အပ်မထားပါ။ မြို့မြေများမှာလူနေထိုင််ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါသည်။

မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်သည်။ယခု Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြသည်။

ဂရန်လျှောက်ထားခြင်း

အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုသည့် ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင ်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရသည်။
(ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ထိုအခါ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်သည်။

ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိသည်။

ထိုသို့ ပေးပို့သော မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိသည့် မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်များကို ဆောင်ရွက်ပေးရသည်ဖြစ်သည်။

ဂရန်ထုတ်ပေးသည် က ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။

ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁ဝ၆)နှင့် မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်သည်။

ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်က မြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇဝင် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိကaတာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တောများ ဆောင်ရွက်ရသည်။

ယခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား???

လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ များ မြေစာရင်းဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နှင့် ကျေးရွာမြေများ လက်စွဲဥပ ဒေတွင် ပြဌာန်းထားသည့် လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက် မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။

စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရ မြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်သည့် အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြသည်။

မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပါွးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။

မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။

မြေဆိုတာ ယခုခေတ် တန်ဖိုး မြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။

အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ???

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ???

အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်/

မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။

ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊

အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။

Disposal Land လို့ ဖေါ်ကြပါတယ်။

အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ

တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊

လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။

ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။

ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။

ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။

တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါဘူး။

ချထားလိုရင်တော့ မူလအမှှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။

(မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။

သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါသည်။

မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာ ဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဟုတ်/မဟုတ်အတွက်် မြေယာ

မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့ မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရသည်။

အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။

(မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။

အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို

အစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည် မြို့နှင့်

ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊

(ခ) ကာလစည်းကမ်း သတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။

(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊

(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right)

မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊

(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထားပိုင်ဆိုင်လာသောသူ၊

(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့်

အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိအဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါသည်။

Source:Ba Hu Tu Ta

Laws and Regulations Read 195 times