မကွေးတိုင်းဒေသကြီးရှိ ချောင်းများအတွင်းမှ ကျောက်စရစ်ထုတ်လုပ်ခွင့်လျှောက်ထားမှုအခြေအနေမှာ လေးနှစ်တာကာလအတွင်း ငါးဆနီးပါးခန့်များပြားလာကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
"၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ချောင်းကျောက်စရစ်ထုတ်လုပ်ခွင့်လျှောက်ထားသူ ၂၅ ဦး၊၂ဝ၁၇-၂ဝ၁၈ တွင် ၃၉ ဦး ထိ တိုးလာတယ်။ဒီနှစ်ကတော့ ထူးထူးခြားခြား ၇၅ ဦး အထိ လျှောက်ထားလာပါတယ်။လေးနှစ်အတွင်း ငါးဆနီးပါး ပိုတိုးပြီး လျှောက်ထားလာပါတယ်"
ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးမှ ပြောကြားသည်။
မြစ်အတွင်းကျောက်စရစ် ထုတ်လုပ်ရန်လျှောက်ထားမှုမှာလည်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၈၉ ဦး၊၂ဝ၁၆-၂ဝ၁၇ တွင် ၁၅၉ ဦး၊၂ဝ၁၇-၂ဝ၁၈ တွင် ၂၂၂ ဦး အထိ တိုးလာပြီး လတ်တလောမြစ်ကျောက်စရစ်ထုတ်လုပ်ခွင့်လုပ်ကွက်အနေဖြင့် ၁၇ ဦးသာ ခွင့်ပြုပေးထားသည်။
ထို့ပြင်မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လျှောက်ထားလာမှုများနှင့် ပတ်သက်၍ သရက်ခရိုင် စစ္စရံနယ်စပ်မှ အထက်ဘက် မိချောင်းရဲနယ်အထိ ကွင်းဆင်းတိုင်းတာမှုများလုပ်ဆောင်ပြီးဖြစ်သည်။
ရေကြောင်းမြေပုံများအရ နုန်းအနည်များစုပုံနေသော ရေစီးကြောင်းအရ စုပ်ထုတ်ရန်လိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ငန်းလိုင်စင်ချထားပေးကြောင်း၊သတ်မှတ်လုပ်ကွက်နေရာတွင်သာမက ကျောက်စရစ်ထုတ်ယူနိုင်သည့် အခြားနေရာများသို့ တရားမဝင် ပြောင်းရွေ့လုပ်ကိုင်မှသာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး ကမ်းပါးပြိုကျခြင်းများဖြစ်ပေါ်ရကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
Source:Myawaddy