ပြန်လည်ဆောက်လုပ်ရန်အတွက် ဆောင်ရွက်လျက်ရှိသော အဆင့်မြင့်အိမ်ရာများ


03 December, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါလီမန် ဒီမိုကရေစီခေတ်တွင် ဆောင်ရွက်ခဲ့သော ပြည်တော်သာစီမံကိန်း အိမ်ရာစခန်းများတွင် နှစ်ကာလ အလွန်ကြာမြင့်နေပြီဖြစ်သောကြောင့် အဆင့်မြင့်အိမ်ရာများ ပြန်လည်ဆောက်လုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၁၈ ခုနှစ် နှင့် ၂ဝ၁၉ ခုနှစ်တို့အတွင်း ကြို့ကုန်းအိမ်ရာစခန်း၊ဝေဠုဝန် အိမ်ရာစခန်းနှင့် ပြည်တော်သစ်အိမ်ရာစခန်းများကို အဆင့်မြင့်အိမ်ရာစီမံကိန်း များလုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးလျှပ်စစ် ၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနမှ စီမံခန့်ခွဲသည့် အိမ်ရာစခန်းမှာ အငှား အိမ်ရာစခန်း ၁၆ ခုရှိရာတွင် ပြည်သူ့ အိမ်ရာများသည် ဆောက်လုပ်သည့် သက်တမ်းကြာမြင့်ခြင်း၊ လက်ရှိလူမှုစီးပွားရေးအခြေအနေအရ ပုံစံမကျခြင်း နှင့် မြို့မြေ အသုံးပြုမှု ပြောင်းလဲရန်လိုအပ်ခြင်းတို့ကြောင့် Greater Yangon Master Plan 2040 တွင်ပြန်လည် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် စီမံကိန်းများအဆိုပြုလျာထားကြောင်း၊

ယင်းပြည်သူ့ အိမ်ရာများပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်တွင် နိုင်ငံ့ ဘဏ္ဍာကို သုံးစွဲ၍ အသစ်ပြန်လည် ဆောက်လုပ်ပေးရန်မှာ သုံးစွဲ ကုန်ကျငွေ နှင့် အကျိုးခံစားရမည့် ပြည်သူလူထု မိသားစုအရေအတွက် နှိုင်းယှဉ်ပါက Cost and Benefit မကိုက်ညီသောကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် (PPP)စနစ်ဖြင့် ဖော်ဆောင်ရန် မူဝါဒချမှတ်ထားကြောင်းသိရသည်။

ယခင်အစိုးရလက်ထက်တွင် ၅၁ လမ်းနှင့် ရွှေဂုံအိမ်ရာတို့အားဖော်ဆောင်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် လမ်းသစ်အိမ်ရာကို ပြန်လည်ဖွံ့ဖြိုးရေးဆောင်ရွက်ခဲ့ပြီးပြီဖြစ်သည့်အတွက် ကျန်အိမ်ရာစခန်းထဲမှ ဦးစားပေးအနေဖြင့် ၂ဝ၁၈ ခုနှစ် အစောပိုင်းတွင် ပြည်တော်သစ်အိမ်ရာကို လည်းကောင်း၊၂ဝ၁၈ ခုနှစ်အကုန်ပိုင်းတွင် ကြို့ကုန်းအိမ်ရာကိုလည်းကောင်း၊

၂ဝ၁၉ ခုနှစ်တွင် ဝေဠုဝန် အိမ်ရာကိုလည်းကောင်း၊ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် ပြန်လည်ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အင်းစိန်မြို့နယ်အနောက်ကြို့ကုန်းရပ်ကွက်ရှိ ကြို့ကုန်းအိမ်ရာစခန်း ကိုပြန်လည် အဆင့်မြှင့်တင်ရာတွင် ကျပ် ၁၇၈ ဘီလျံကျော်၊ပုဇွန်တောင်မြို့နယ် အမှတ်(၃) ရပ်ကွက်အောက်ပုဇွန်တောင်လမ်းမကြီးဘေးရှိ

ပြည်တော်သစ်အိမ်ရာစခန်း အဆင့်မြှင့်တင်မှုကို ကျပ် ၅၁ ဘီလျံကျော် နှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန် ရပ်ကွက်ရှိဝေဠုဝန် အိမ်ရာစခန်း အဆင့်မြှင့်တင်မှု ကို ကျပ် ၆၁ ဘီလျံအသီးသီးကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Local Read 40 times