ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် ဂျပန်နိုင်ငံမှချေးငွေရရှိရန် အပြင်းအထန်ကြိုးစားနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးဝင်းခန့်က ပြောကြားသည်။
‘‘ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ လေယာဉ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့ ဂျပန်နိုင်ငံအကူအညီနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း အပြင်းအထန်ကြိုးပမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါတယ်’’ ဟု ယမန်နေ့ အစိုးရသက်တမ်းတတိယတစ်နှစ်တာကာလသတင်းစာရှင်းလင်းပွဲတွင် သိရသည်။
ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဂျပန်နိုင်ငံကုမ္ပဏီ တစ်ခု တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် စီမံကိန်းကုန်ကျစရိတ်ညှိနှိုင်းမှုအဆင်မပြေချိန် တင်ဒါသက်တမ်းကုန်သော်လည်း တိုးမြှင့်ခြင်းမရှိကြောင်း ဦးဝင်းခန့်က ဆိုသည်။
စီမံကိန်းကို ဂျပန် JDC ကုမ္ပဏီ၊ စင်ကာပူ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီသုံးခုပေါင်းအစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။
၀၁၇ ဇန်နဝါရီတွင် Frame Agreement သက်တမ်းကုန်မှုကို သက်တမ်းတိုးခြင်းမရှိ သော်လည်း ဟံသာဝတီလေဆိပ်ဆောက်လုပ်ရန်မဖြစ်မနေလိုအပ်၍ ယခုကဲ့သို့လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးအောင်မြင့်ထွန်းက ပြောသည်။
ဂျပန်နိုင်ငံချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မြေယာအခြေခံအဆောက်အအုံ၊ခရီးသွားလာရေးနှင့်သယ်ယူပို့ဆောင် ရေးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေ ကြောင်း ၎င်းကရှင်းပြသည်။
‘‘ အနာဂတ်မှာ ဖြစ်လာမယ့် ဒီလေယာဉ်ခရီးစဉ်ဝင်ထွက်မှုကို နိုင်နင်းစွာကိုင်တွယ်နိုင်မှု၊ အဲဒီအတွက် လေ့လာမှုတွေလုပ်ဖို့လောလောဆယ်မှာ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်’’ ဟု ဦးအောင်မြင့်ထွန်းက ဆိုသည်။
ရန်ကုန်လေဆိပ်ခရီးသည် ဝင်ထွက်နိုင်မှုအပေါ် အမြင့်ဆုံးပမာဏကို ဆန်းစစ်လေ့လာပြီးမှသာ ကုန်ကျစရိတ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ပဲခူးမြို့ကျောက်တိုင်ရွာအနီး၌ ဂျပန်ခေတ်ကလေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀၀ ကျော်တွင် ဟံသာဝတီလေ ဆိပ်အသစ်အကောင်အထည်ဖော်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က စီစဉ်ခဲ့သည်။