ပဲခူးမြို့နယ်အတွင်းရှိ ဟံသာဝတီ မြို့ဟောင်းနေရာများ ပြုပြင်ထိန်းသိမ်းရန် လုပ်ကိုင်လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များကို မကြာမီ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အဓိကက အစိုးရက ဒီနေရာတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ ငွေကုန်ကြေးကျများမယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကျတော့ ထိန်းသိမ်းမှုလုပ်ရင်း တစ်ဖက်က ငွေပြန်ရှာတာ လုပ်နိုင်တယ်။ ဒါကြောင့် EOI စနစ်သွားဖို့ ပြင်ဆင်နေတာပါ”ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဟံသာဝတီခေတ် မြို့ရိုးဟောင်းနှင့် ကျုံးဟောင်းနေရာများကို တူးဖော်ထိန်းသိမ်းခြင်းနှင့် ရေရှည်ကာကွယ်ထိန်းသိမ်းပြုပြင်ရန် Expression of Interest (EOI) စနစ် ပြောင်းလဲနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
“ဟံသာဝတီမြို့ဟောင်းဟာ ခေတ်ကာလကြာမြင့်လာတာ၊ လူအချို့ ဝင်ရောက်နေထိုင်လာတာကြောင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့တယ်။ နောင်လာနောက်သား ကလေးငယ်တွေ သမိုင်းတန်ဖိုးသိလာဖို့ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါတယ်”ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ပြောကြားသည်။
ဟံသာဝတီမြို့ရိုးဟောင်းသည် အရှေ့-အနောက် (၂) မိုင်ခန့်၊ တောင်-မြောက် (၂ ဒသမ ၂) မိုင်ခန့်ရှိပြီး ကျုံးအကျယ် ၂၁၀ ပေ၊ အနက် ၂၂ ဒသမ ၂ ပေခန့်ရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့ရိုးဟောင်းများ တူးဖော်ခြင်း၊ မြို့တံခါးအမည် ဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် ကျုံးပြန်လည် တူးဖော်မှုများကို တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
လာမည့်ဘဏ္ဍာရေးနှစ်တွင် ရရှိသည့်ဘတ်ဂျက်ပေါ်မူတည်ပြီး ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မည့်အပြင် မြို့ရိုးတစ်လျှောက် ကိုလိုနီခေတ် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပြီး HIA ကောက်ယူ၍ Gust House (သို့မဟုတ်) စားသောက်ရုံအချို့ ပြုလုပ်ခြင်း၊ Souvenir Shop နှင့် Food Courts ဖွင့်လှစ်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။