နိုင်ငံတကာအဆင့် မြှင့်တော့မည့် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်လေဆိပ်များ


09 December, 2019

 ဟဲဟိုးလေဆိပ်အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို KBZ Group ကုမ္ပဏီ၊ ကော့သောင်းလေဆိပ်စီမံကိန်းကို Golden Myanmar Airline Public Co.,Ltd ကုမ္ပဏီနှင့် မော်လမြိုင်လေဆိပ်စီမံကိန်းကို Hinthar Group Holding Co.,Ltd ကုမ္ပဏီတို့က တင်ဒါ အောင်မြင်ခဲ့သည်။

        နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန် ပြည်တွင်းလေဆိပ်သုံးခုကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

 

        မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သတ်မှတ်ထားသည်မှာ လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့သာရှိပြီး ယင်းလေဆိပ်သုံးခုတွင်သာ နိုင်ငံတကာမှလာသော လေယာဉ်များ တိုက်ရိုက် ဝင်ထွက်နိုင်သည်။

 

        ပြည်တွင်းလေဆိပ် ၃၁ ခုရှိသည့်အနက် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် ၁၄ ခုကို အဆင့်မြှင့်တင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တောင်းဆိုရာ နိုင်ငံတော်သမ္မတက ၂၀၁၆ ခုနှစ်တွင် သဘောတူညီခဲ့သည်။

 

        ယင်းထဲမှ ပထမဆုံးနှင့် အမြန်ဆုံး စတင်အကောင် အထည်ဖော်နိုင်မည့် အလားအလာကောင်းသော လေဆိပ်များအဖြစ် ညောင်ဦး၊ သံတွဲ၊ ဟဲဟိုး၊ ကော့သောင်းနှင့် မြစ်ကြီးနားလေဆိပ်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရွေးချယ်တင်ပြခဲ့ရာ ကော့သောင်း၊ ဟဲဟိုးနှင့် မော်လမြိုင်လေဆိပ်များကို အဆင့်မြှင့်တင်ရန် ရွေးချယ်၍ ပထမဦးဆုံး တင်ဒါ ခေါ်ယူခဲ့သည်။

  ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်လေဆိပ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပထမအဆင့်တွင် လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများပေးနိုင်သော လေဆိပ် (CIQ - Custom Immigration Quarantine)  ဖြစ်လာရန် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် နိုင်ငံတကာလေဆိပ် ဖြစ်လာရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

 

        CIQ  လေဆိပ်ဖြစ်လာရန် အခြေခံလိုအပ်ချက်မှာ အကောက်ခွန်ဌာနအဖွဲ့အစည်းများ အလုပ်လုပ်ကိုင်ရန်နေရာ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့အတွက်အလုပ်လုပ်ရန်နေရာနှင့် စက်ပစ္စည်းတပ်ဆင်ခြင်း၊ ကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့များ လုပ်ငန်းလုပ်ဆောင်ရန် နေရာများအပြင် နားနေဆောင်များ ပါဝင်ရမည်ဖြစ်သည်။

 

        နောက်ပိုင်းတွင် နိုင်ငံတကာလေဆိပ်ဖြစ်လာပါက ခရီးသွားအဝင် အထွက် တိုးလာမည်ဖြစ်ရာ လေဆိပ် အဆောက်အအုံအသစ် တည်ဆောက်ခြင်း၊ အခန်းများ ပြန်လည်ပြုပြင်ခြင်း၊ ခရီးသည်များနှင့် လေကြောင်းလိုင်းများအတွက် နေရာထိုင်ခင်းလုပ်ခြင်းအပြင် လေကြောင်း ဆက်သွယ်ရေး၊ လမ်းညွှန်ရေး၊ လေကြောင်းထိန်းသိမ်းရေးနှင့် ပတ်သက်သော ပစ္စည်းများကို အသစ်တပ်ဆင်ရန် လိုအပ်ရာ ယခုစီမံကိန်းသုံးခု၏ အဆင့်မြှင့်တင်မှုတွင် ယင်းအချက်များ ပါဝင်မည်ဟု ဦးရဲထွဋ်အောင်က ဆိုသည်။

 

        လေဆိပ်သုံးခုကို အဆင့်မြှင့်တင်ရာတွင် အစိုးရစရိတ်ဖြင့်မဟုတ်ဘဲ အစိုးရ¼ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP)  စနစ်ဖြင့် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးရန် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI စတင်ခေါ်ယူခဲ့သည်။ တင်ပြလာသော ကုမ္ပဏီများအနက် အမှန်တကယ်လုပ်ကိုင်နိုင်မည့် ကုမ္ပဏီများကို Pre Qualification  စစ်ဆေးရာတွင် ကုမ္ပဏီ Profile၊ ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံနိုင်မှု ရှိမရှိ၊ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လူသားအရင်းအမြစ် ရှိမရှိ၊ စီမံကိန်းလုပ်ကိုင်ရန် လိုအပ်သော စက်ပစ္စည်းကိရိယာ ရှိမရှိ စသည့် အချက်လေးချက်ဖြင့် တိုင်းတာခဲ့သည်ဟု ၎င်းက ပြောသည်။

 

        အရည်အသွေးပြည့်မီသော ကုမ္ပဏီများကို ဝန်ကြီးဌာနက လိုချင်သည့် အဆိုပြုပုံစံအတိုင်း တင်ပြခိုင်းခဲ့ပြီး အကဲဖြတ်ကော်မတီနှင့် ရွေးချယ်ရေးကော်မတီတို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကွန်ဆိုဒီယမ်ကုမ္ပဏီများကို ရွေးချယ်ခဲ့သည်ဟု ဒုတိယညွှန်ကြားရေးမ·းချုပ်က ပြောသည်။

 

        မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ခြင်း စီမံကိန်း အတွက် Hinthar Group Holding Co.,Ltd၊ ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက်KBZ Group ကုမ္ပဏီ၊ ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက်Golden Myanmar Airline Public Co.,Ltd  တို့ကို အဆင့်မီသော တင်ဒါအောင်မြင်သူများအဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။

 

        လေဆိပ်သုံးခု အဆင့်မြှင့်တင်ရာတွင် ဟဲဟိုးလေဆိပ်စီမံကိန်းကို KBZ Group က ၆၅ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ ဖြစ်သည့်fh Toyota Tsusho ကုမ္ပဏီက ၃၅ ရာခိုင်နှုန်းဖြင့်ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်သည်။

 

        မော်လမြိုင်လေဆိပ်ကို ဒေသခံကုမ္ပဏီGrand Hinthar  က ထိုင်းကုမ္ပဏီဖြစ်သော Bangkok Aviation Services Co.,Ltd ကုမ္ပဏီနှင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပြီး လတ်တလောတွင် ရင်းနှီးမြှုပ်နှံမည့် ရာခိုင်နှုန်းကိုမူ မသိရသေးပေ။

 

        ကော့သောင်းလေဆိပ်စီမံကိန်းကို ပြည်တွင်းကုမ္ပဏီဖြစ်သော GMA  ကုမ္ပဏီက ၆၅ ရာခိုင်နှုန်း၊ စင်ကာပူကုမ္ပဏီ KMA Resources Private Ltd က ၃၃ ရာခိုင်နှုန်း၊တနင်္သာရီ Capital  ကုမ္ပဏီနှင့် CJIC Myanmar Ltd တို့က တစ်ရာခိုင်နှုန်းစီ ပူးပေါင်းရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

 

        လေဆိပ်များကို အဆင့်မြှင့်တင်ရာတွင်  ပထမအဆင့် တွင် ဟဲဟိုးလေဆိပ်အတွက်  အမေရိကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် ကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

 

        လက်ရှိတွင် ဒုတိယအဆင့်အတွက် ကုန်ကျမှုစရိတ် မသိရှိရသေးပေ။ အဆိုပါကုန်ကျစရိတ်သည် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက်သာဖြစ်ပြီး နိုင်ငံတကာလေဆိပ်အဆင့်မှာ ပိုမိုကုန်ကျမည်ဟု ဦးရဲထွဋ်အောင်က ပြောသည်။

 

        နိုင်ငံတကာလေဆိပ်အဖြစ် လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် နိုင်ငံတကာအဆင့် စံချိန်စံညွှန်းသည် ပြေးလမ်း အရှည် ပေ ၁၀ဝဝဝ ရှိရမည်ဖြစ်ပြီး  ပြေးလမ်း အကျယ်မှာ ပေ ၂၀ဝ ရှိရမည်ဖြစ်သည်။

 

        လက်ရှိတွင် မော်လမြိုင်လေဆိပ် လေယာဉ်ပြေးလမ်းကြောင်းသည် အရှည်ပေ ၅,၄၀ဝ ကျော်၊ အကျယ်ပေ ၁၀ဝ သာရှိသည်။ ဟဲဟိုးလေဆိပ်သည် လက်ရှိတွင် အရှည်ပေ ၈၄,၅၀ဝ ခန့်သာရှိပြီး အကျယ်ပေ ၁၅၀ သာရှိသည်။ ကော့သောင်းလေဆိပ်သည် အရှည်ပေ ၆çဝဝဝ နှင့် အကျယ် ပေ ၁၅၀ ရှိသည်။ ထို့အတွက် နိုင်ငံတကာအဆင့်ဖြစ်ရန် လေဆိပ်သုံးခုလုံး၏ ပြေးလမ်း အရှည်နှင့် အကျယ်များကို ချဲ့ထွင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

        အဆိုပါလေဆိပ်များ အဆင့်မြှင်တင်ပြီးလျှင် CIQ  လေဆိပ် ဖြစ်လာမည်ဖြစ်သော်လည်း နိုင်ငံတကာ ပုံမှန် ပျံသန်းမှုSchedule flight အတွက် မဖြစ်နိုင်သေးကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ သို့သော် ပုံမှန်ပျံသန်းမှုမဟုတ်သည့် စီးလုံးငှား လေယာဉ်ပျံသန်းမှုကို ခွင့်ပြုမည်ဟု ဆိုသည်။

 

ပြည်တွင်းလေကြောင်းလိုင်းများသည် လက်ရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်ကြီးသုံးခုကို အမှီပြု၍  လုပ်ကိုင်နေရသည့်အတွက် နိုင်ငံခြားသား ခရီးသည်များက အဆင့်မြှင့်တင်မည့် လေဆိပ်များသို့ တိုက်ရိုက်သွားပါက လက်ရှိပြေးဆွဲနေသော ပြည်တွင်းလေကြောင်းလိုင်းများအတွက် အခွင့်အလမ်းနည်းသွားမည်ဖြစ်ရာ ယင်းအပေါ်တွင်လည်း ချင့်ချိန်ရန် လိုအပ်သည်ဟု ဦးရဲထွဋ် အောင်က ပြောသည်။

"နိုင်ငံတကာSchedule ပေးလိုက်ရင်တော့ ပြည်တွင်းလေကြောင်းလိုင်းတွေက အနည်းနဲ့ အများ ထိခိုက်မှာပဲ။ တစ်ဖက်မှာလည်း ဒေသဖွံ့ဖြိုးဖို့အတွက်ကော၊ ဒေသနေ ပြည်သူတွေ သွားရေးလာရေးအတွက်ကော တိုက်ရိုက် အတက်အဆင်း လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ ကြားခံ ရန်ကုန်၊ မန္တလေးကနေ အချိန်ကုန်ခံ၊ ငွေကုန်ခံ ထပ်သွားနေတာထက်စာရင် ခရီးသည်တွေအတွက် ပိုအဆင်ပြေ မယ်"ဟု ၎င်းက ပြောသည်။

 

        လေဆိပ်များ အဆင့်မြှင့်တင်ပြီးပါက ယင်းနေရာများ တွင် နိုင်ငံတကာလေကြောင်းလိုင်းများသည် နေ့စဉ် ပုံမှန်(Schedule)  တိုက်ရိုက်ပျံသန်းလိုပါကForeign Air    Operator Certificate ရယူရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံ လျှောက်ထားရမည်ဖြစ်ပြီး လိုအပ်သော ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ပတ်သက်သောအချက်အလက်များ စိစစ်၍ ပျံသန်းခွင့်ထုတ်ပေးမည်ဟု ၎င်းက ဆိုသည်။

        ယခု လေဆိပ်သုံးခု အဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းစင်မောင်က ယခုလ ၂၂ ရက်၊ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယသမ္မတ၊ ပြည်ထောင်စု-ဝန်ကြီးအချို့နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

        ဆောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်ကို ကနဦးတွင် နှစ် ၂၀ ပေးမည်ဖြစ်ပြီး သက်တမ်းတိုးခြင်းအတွက် ငါးနှစ်စီ နှစ်ကြိမ်ဖြင့် နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ အဆိုပါစီမံကိန်း ပြီးစီးပါက နိုင်ငံတော်နှင့် ကွန်ဆိုဒီယမ်ကုမ္ပဏီများအကြား အကျိုးအမြတ် ခွဲဝေမှုကို  PPP စနစ်ဖြင့် လုပ်ခဲ့သည့် ရန်ကုန်၊ မန္တလေးလေဆိပ်များအတိုင်း ပထမ ၁၀ နှစ်တွင် ဝင်ငွေအားလုံး၏ ငါးရာခိုင်နှုန်း၊ ဒုတိယ ၁၀ နှစ်တွင် ၁၀ ရာခိုင်နှုန်းနှင့် တတိယ ၁၀ နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် နိုင်ငံတော်သို့ပေးရန် ညှိနှိုင်းနေသည်ဟု ဦးရဲထွဋ်အောင်က ပြောသည်။

 

        ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်းလေဆိပ်များ၏ ကာလပေါက်ဈေးတန်ဖိုးကို နိုင်ငံတကာကုမ္ပဏီတစ်ခုက တန်ဖိုးဖြတ်ပေးထားကြောင်း၊ ယင်းတန်ဖိုးသည် အစိုးရဘက်က ထည့်ဝင်ထားသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ထပ်မံ အဆင့်မြှင့်တင်မည့် လုပ်ငန်းများအတွက် ကွန်ဆိုဒီယမ် ကုမ္ပဏီများဘက်က ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ အစိုးရဘက်က ငွေကြေးလုံးဝထည့်ဝင်မည် မဟုတ်ပေ။  လုပ်ကိုင်ခွင့် နှစ် ၃၀ ပြည့်၍ အစိုးရထံ ပြန်အပ်ချိန်တွင် လက်ရှိတည်ဆောက်ထားသော ပုံစံအတိုင်း မပျက်မစီးဘဲ အစိုးရထံ ပြန်အပ်ရမည်ဖြစ်သည်။

        ယခုအခါ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင် နေပြီး ဘဏ္ဍာရေး၊ နည်းပညာ၊ လုပ်ငန်းလုပ်ကိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သေချာအောင် မေးမြန်း နေသည့်အပြင် နှစ်အလိုက်ပြီးစီးမည့် လုပ်ငန်းများ သတ်မှတ်နှစ်အတွင်း ပြီးစီးရန် ညှိနှိုင်းနေသည်ဟု ၎င်းက ဆိုသည်။

        PPP စနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်၍ ဆောက်လုပ်ခွင့် သဘောတူညီချက် စာချုပ်အတွက် ယခုလတွင် နှစ်ဖက် စတင်ညှိနှိုင်းနေပြီး မတ်လထဲတွင် ညှိနှိုင်းမှုပြီးစီး၍ ဆောက်လုပ်ရေးသဘောတူညီချက်မူကြမ်း ထွက်လာနိုင်မည်ဟု ဦးရဲထွဋ်အောင်က ပြောသည်။

Infrastructure and Zones Read 117 times