ရန်ကုန်မြို့တွင်းမြို့နယ်ခြောက်ခု (Downtown) တွင် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ရန် အမြင့်ကန့်သတ်ချက်အပါအဝင် စည်ပင်သာယာ၏ကန့်သတ်ချက်ပေါင်း ကိုးချက်ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီကထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ၆ရက်နေ့က သိရသည်။
ရန်ကုန်မြို့တွင်းရှိ လမ်းအကျယ် ပေ ၃၀ ရှိသည့်လမ်းတွင် အဆောက်အအုံ၏ အမြင့် ၅၂ ပေ (ငါးထပ်) အထိ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကာ စုစုပေါင်းကြမ်းခင်းဧရိယာနှင့်မြေကွက်ဧရိယာအချိုး (Floor area ratio - FAR) ၄ ဒသမ ၉ ၊ စုစုပေါင်းအဆောက်အအုံဖုံးလွှမ်းမှုဧရိယာနှင့် မြေကွက်ဧရိယာအချိုး (BCR) ၉၈ ရာခိုင်နှုန်းအထိသာ အဆောက်အအုံတည်ဆောက်ခွင့်ပြုမည်ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။
ထို့ပြင်မြို့တွင်းရှိ တောင်နှင့် မြောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် အဆောက်အအုံအမြင့်ကို လမ်းအကျယ်ပေါ်မူတည်၍ ၁ အချိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အရှေ့-အနောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် လမ်းအကျယ်၏ ၁ အချိုး ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်း YCDCက ထုတ်ပြန်ထားသည်။
တောင်-မြောက်လားရာ နံပါတ်တပ် ပေ ၃၀ ကျယ်လမ်းများတွင် မြေကွက်တစ်ကွက်ထက် ပို၍ပေါင်းပြီးတည်ဆောက်ပါက အမြင့် ၆၂ ပေ (ခြောက်ထပ်) အထိတည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အဆောက်အအုံတည်ဆောက်ရာတွင် မော်တော်ယာဉ်ရပ်နားရန်၊ ဘတ်စ် ကားဂိတ်၊ ပန်းခြံ၊ အများပိုင်နေရာအချို့ ထည့်သွင်းတည်ဆောက်ပေးလျှင် အထပ်အမြင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်း၍ အမြင့်ပိုဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်သည်။
မြေကွက်ဧရိယာ နှစ်ဧကအထက် မြေကွက်ပေါ်တွင် လုပ်ငန်းရှင်တစ်ဦးက ပင်မမြို့ပြစီမံကိန်းအဖြစ် ပေါင်းစပ်ထည့်သွင်း စဉ်စားထားသော ဖွံ့ဖြိုးမှု့စီမံကိန်းကို(ဧရိယာအလိုက် ဖွံ့ဖြိုးမှုစီမံကိန်း) အဖြစ် သတ်မှတ်ပြီး အထပ်မြင့်ကန့်သတ်ချက်၊ အဆောက်အအုံ ဖုံးလွှမ်းမှု ကန့်သတ်ချက်များအပြင် စိမ်းလန်းမြေဧရိယာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းအထိ တည့်သွင်းတည်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြို့တွင်း ခြောက်မြို့နယ်အတွင်း ဆူညံမှုရှိသော စက်ရုံအလုပ်ရုံများ၊ အနံ့ဆိုးထွက်သော လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းပြီး အန္တရာယ်ရှိသောလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်မပြုထားသောကြောင့် ယင်းကဲ့သို့ အဆောက်အအုံများ တည်ဆောက်မှုကို ကန့်သတ်ရန် ကြေညာချက် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။
လက်ရှိမြို့တွင်းနှင့်ဆက်စပ်မြို့နယ်များနှင့်ဆင်ခြေဖုံးမြို့နယ်များတွင်အထပ်မြင့်အဆောက်အအုံများကို လမ်းအကျယ်နှစ်ဆပုံစံ ၊ ယခင်လမ်းတွင်းတည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံ၏ အမြင့်ပေအတိုင်း
ပြန်လည်ခွင့်ပြုမှုများပြုလုပ်လျက်ရှိသည်။