အိမ်ခြံမြေဝယ်သည့်အခါ ဝယ်သူများ အလေးထားသင့်သည့်အချက်များစွာရှိနေပါသည်။
အိမ်ခြံမြေ ဝယ်ယူသည့်အခါ တချို့သူများက နားလည်မှုနှင့် နီးစပ်ရာအကျိုးတော်ဆောင်များနှင့်ပြေလည်အောင် ညှိနှိုင်းပြီး အရောင်းအဝယ်လုပ်တတ်ကြသောကြောင့် အိမ်ခြံမြေအရောင်းအဝယ်နှင့်ပတ်သက်ပြီး သတိထားစရာများရောင်းပြီးဝယ်ပြီးနောက်ပိုင်းဖြစ်တတ်သည့်ပြဿနာများစွာ ကြုံတွေ့နေရကြောင်းသိရသည်။ဝယ်သူများအနေဖြင့် သိန်းပေါင်းများစွာ တန်ဖိုးရှိသော အိမ်ခြံမြေကို ဝယ်ယူရာတွင်နားလည်တတ်ကျွမ်းသည့်ရှေ့နေ ဥပဒေပညာရှင်များအား ငှားရမ်းဆောင်ရွက်သင့်သည်။ဒါမှသာ စရန်ပေးသည့်အခါနှင့် ကတိစာချုပ်ချုပ်ဆိုသည့်အခါပါဝင်သင့်သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည့်ပြည့်စုံစုံနှင့် စာချုပ်ကို ဥပဒေနှင့် အညီရေးသားတင်ပြနိုင်မည်ဖြစ်သည်။
ထို့အပြင်ဝယ်ယူသည့်အခါ ရောင်းချသူလက်ဝယ်ပိုင်ဆိုင်မှုမှတ်ပုံတင်စာချုပ်စာတမ်းပြည့်ပြည့်စုံစုံရှိမှသာ ချုပ်ဆိုသင့်သလို စရန်ငွေပေးသင့်သည်။တချို့က မူရင်းဂရန်ပိုင်ရှင်ဆီက ဝယ်ယူပြီး မိမိနာမည်နှင့် မလွှဲပဲ ပြန်လည်ရောင်းချတတ်ပြီး စာရွက်စာတမ်းများလည်း ပြည့်ပြည့်စုံစုံမရှိသောကြောင့် ဝယ်သူများ သတိထားသင့်သည်။ မူရင်းအမှန်ပျောက်ဆုံးပြီး ဂရန်မိတ္တူနှင့် ရောင်းချလာပါက သေချာအောင်လေ့လာပြီးမှ ဝယ်ယူသင့်သည်။အဘယ့်ကြောင့်ဆိုသော် တချို့မြေများ ကပေါင်နှံထားပြီးမှ အရောင်းအဝယ်လုပ်တတ်သောကြောင့် သတိထားသင့်သည်။
သက်ဆိုင်ရာနယ်နိမိတ်အတွင်းမြေကွက်များကို ဆိုင်းငံ့ထားပြီး ရောင်းချပိုင်ခွင့်မရှိတတ်တာတွေလည်း ရှိပါတယ်။ထို့အပြင် မိမိဝယ်ယူသည့် မြေများသည် မည်သူတွေနှင့် သက်ဆိုင်နေသလဲကျေနပ်မှုရှိ မရှိသိဖို့လိုသည်ဟု အကျိုးဆောင်များထံမှ သိရသည်။ထိုကြောင့် ဝယ်ယူမည့်အိမ်ခြံမြေကို အရောင်းအဝယ်ကိစ္စညှိနှိုင်းပြေလည်သည့် အခါကန့်ကွက်မှုရှိမရှိ အား နိုင်ငံပိုင်သတင်းစာတွင်ထည့်သွင်းကြော်ငြာပြီးမှ အမှန်တကယ်ကန့်ကွက်မည့်သူမရှိမှသာ အရောင်းအဝယ်လုပ်သည့်အခါ စိတ်ကျေနပ်စွာနှင့် ဆောင်ရွက်ပြီး ငွေပေးချေသင့်သည်။