မြို့ပြအမွေအနှစ်စာရင်းဝင်ခြင်းကြောင့် ပုံစံပြောင်းလဲ ပြင်ဆင်ခြင်းခွင်မပြု


03 December, 2020

၁၉၁၁ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သော မဟတ္တဂန္ဒီခန်းမကို မြို့ပြအမွေအနှစ် ရှေးဟောင်းစာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည့်အတွက် လက်ရှိတွင် အဆိုပါခန်းမ ပြင်ဆင်ခြင်းလုပ်ငန်းများမပြုလုပ်ရန် တားမြစ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားကြောင်းသိရသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင်ရှိသော မဟတ္တဂန္ဒီခန်းမအဆောက်အဦကို မြို့ပြအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သောကြောင့် လက်ရှိ ပြင်ဆင်ခြင်းလုပ်ငန်းများပြုလုပ်နေသည့် ယင်းအဆောက်အဦကို ပုံစံပြောင်းလဲ ပြင်ဆင်ခြင်း၊ အသစ်ပြောင်းလဲ ဆောက်လုပ်ခြင်းများကို ခွင့်မပြုကြောင်း သိရသည်။

ထိုအဆောက်အဦသည် ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သော သတင်းစာများထဲမှ တခုဖြစ်သော The Rangoon Time သတင်းစာ၏ ရုံးအဖြစ်အသုံးပြုခဲ့ပြီး၊ ၁၉၅၁ ခုနှစ်တွင် ထိုအဆောက်အဦးအား ဂန္ဓီအောက်မေ့ဖွယ်အမှတ်တရအဖြစ် ဦးနုနှင့် အိန္ဒိယသံမှူး M.A.Rauf တို့မှ ဝယ်ယူခဲ့သည်။

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့သော ၎င်းအဆောက်အဦတွင် ၁၉၉ဝ ဇူလိုင်လ ရွေးကောက်ပွဲရလဒ်အား စစ်အစိုးရမှ ငြင်းဆန်နေချိန် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှရွေးကောက်ခံကိုယ်စားလှယ်များ ယင်းခန်းမအတွင်းစုဝေးခဲ့ပြီး ဂန္ဒီကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

ဂန္ဒီခန်းမသည် နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍနှင့် ပြည်တွင်းနိုင်ငံရေးအရ အရေးပါသည်သာမက ရာစုနှစ်ကြာ ဗိသုကာလက်ရာအတွက်ပါ ထိန်းသိမ်းသင့်သည်ဟု Yangon Heritage Trust ၏ ဒါရိုက်တာမှ ပြောသည်။

၎င်းက "ဒီအဆောက်အအုံဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးအတွက်ရော၊ နိုင်ငံရဲ့ ခေတ်သစ်ဒီမိုကရေစီသမိုင်းရဲ့ အစိတ်အပိုင်းအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုအတွက်ပါ အရေးကြီးသည်။

ဒါက သက်တမ်း နှစ် ၁ဝဝ ကျော် ရှိတဲ့ မြို့ပြအမွေအနှစ်လေ။ တကယ့်ကိုထိန်းသိမ်းသင့်ပါတယ်"ဟု ပြောသည်။

လက်ရှိအချိန်တွင် ဂန္ဒီခန်းမအား ဟိန္ဒူဂေါပကအဖွဲ့မှ ထိန်းသိမ်းထားသည်။

#Myanmar Builders Guide

Laws and Regulations Read 82 times