ရန်ကုန်တိုင်းအတွင်း ခွင့်ပြုချက်မဲ့ ဆောက်ထားသည့် အထပ်မြင့်တိုက်များ


23 September, 2019

ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်း၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ အင်းစိန်မြို့နယ်တို့တွင် ခွင့်ပြုချက်မဲ့ ဆောက်ထားသည့် အထပ်မြင့်တိုက် အများဆုံးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်မှစတင်ပြီး ခွင့်ပြုချက်မကျမီ တည်ဆောက်ခဲ့သည့် ခွင့်ပြုချက်ပုံစံနှင့် ကွဲလွဲသော အဆောက်အအုံအများစု၏ ကန်ထရိုက်များ တိမ်းရှောင်မှုကြောင့် တိုက်ခန်းဝယ်ယူထားသူများ အခက်အခဲကြုံတွေ့နေရသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်လွှတ်တော်၌ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီနှင့် ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီတို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ရန်ကုန်တိုင်းအတွင်းမှာ ခွင့်ပြုချက်မဲ့ ဆောက်တဲ့အဆောက်အအုံတွေ ရှိတယ်။ အချို့အဆောက်အအုံတွေက အဆောက်အအုံ တစ်လုံးလုံးကို ခွင့်ပြုချက်မဲ့ ဆောက်တယ်။ အချို့ကျတော့ သုံးထပ်ခွင့်ပြုထားတာကို ငါးထပ်ဆောက်တယ်။ အဲဒီတော့ စည်ပင်က ၂၀၁၄ ကတည်းကစပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ၂၀၁၄ ထဲက အမှုတွေက အခုထိတောင် မပြတ်သေးဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အမှုများကြန့်ကြာနေသည့်အတွက် အချို့ကန်ထရိုက်များသည် ပြေးသွားပြီး၊ ခွင့်ပြုချက်မဲ့တိုက်များတွင် လူများနေထိုင်မှုများ ရှိနေကြောင်း၊ တရားရုံးတွင် အမှုရင်ဆိုင်နေသည့်အတွက် ရေ၊ အမှိုက်၊ မီးများကို တရားဝင်ချထားပေးခြင်းများ မရှိကြောင်း ဦးကျော်ဇေယျက ဆိုသည်။

“ အဲဒါတွေကို အန်ကယ်တို့ဆီ တိုင်တာများလာတော့ စည်ပင်ကို ခေါ်မေးတယ်။ စည်ပင်က ပြောတယ်။ အဲဒါတွေ မှန်တယ် ဒီအမှုတွေကို ဖြတ်မယ်။ ဖြတ်ပြီးတော့ တရားရုံးမှာ ကြာနေတယ်။ များသောအားဖြင့် ရန်ကုန်တိုင်းထဲမှာ ဘယ်မြို့နယ်တွေ ဖြစ်နေလဲဆိုတော့ မရမ်းကုန်း၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ အင်းစိန်မြို့နယ်တွေမှာ အများဆုံး ဖြစ်တယ်။ အဲဒါကြောင့် ဒေသခံကိုယ်စားလှယ်တွေနဲ့ ဒီဇင်ဘာ ၄ ရက်မှာ ထပ်တွေ့ပြီး အသေးစိတ်ညှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ကန်ထရိုက်ကပြေးပေမဲ့ သတ်မှတ်တဲ့ဒဏ်ကြေးကို စည်ပင်ကိုဆောင်ရမှာ ဖြစ်တယ်။ ကန်ထရိုက်က မရှိတော့ဘူး။ လူတွေကနေနေတော့ အချို့အခန်းပိုင်ရှင်တွေက ဒါကိုမျှပြီးတော့ ဆောင်ချင်တယ်။ ဒါတွေကို ဒေသခံကိုယ်စားလှယ်တွေက ညှိပေးရမှာ” ဟု ၎င်းက ပြောကြားသည်။

အချို့ ခွင့်ပြုချက်မဲ့တိုက်များသည် ကန်ထရိုက် နှစ်ယောက်သုံးယောက် ပြောင်းလဲမှုများ ရှိခဲ့ကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်နှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ အဲဒါကို စည်ပင်နဲ့ဆွေးနွေးတော့ စည်ပင်ကလည်း သဘောတူတယ်။ အမှုတွဲတွေက ၂၀၁၄ ကတည်းကမပြီးတော့ဘူး။ ပြည်သူပဲ နစ်နာတယ်။ တိုက်က တရားမဝင်တော့ အခက်အခဲတွေ ဖြစ်နေတာ၊ ရေ ရရှိရေး၊ မီး ရရှိရေး၊ ပိုင်ဆိုင်မှုတွေမှာ မသေချာဘူး ဖြစ်နေတာပေါ့။ ပြန်ရောင်းချင်ပေမဲ့ တိုက်ခန်းက အမှုဖြစ်နေတော့ ရောင်းလို့မရဘူး။ အများကြီး အခက်အခဲဖြစ်နေတော့ ဦးတို့ကော်မတီက ဆွေးနွေးတာ ဖြစ်တယ်။ စည်ပင်ကလည်း လိုက်လျောပေးမယ်။ ဘယ်လိုဖြစ်ချင်လဲ။ လိုအပ်တာတွေ ထပ်ပြီးလုပ်ဆောင်ဖို့ ဒီဇင်ဘာ ၄ ရက်မှာ ထပ်ဆွေးနွေးမယ်” ဟု ဦးကျော်ဇေယျက ဆက်လက်ပြောကြားခဲ့သည်။

Local Read 63 times