ဟောင်ကောင်ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်ရန်စိတ်ဝင်စား


06 December, 2020

 ကမ္ဘာ့ ဘဏ္ဍာရေးအချက်အခြာနှင့် ကုန်သွယ်ရေးဌာန တခုဖြစ်သည့် ဟောင်ကောင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။

“မြန်မာနဲ့ ဟောင်ကောင်တို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အခုပွဲကို တက်ရောက်ကြသူ တွေအနေနဲ့ မြန်မာ နိုင်ငံအကြောင်းကို သေချာနားလည်သွားမယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေ အနေဖြင့် မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု တွေကိုလည်း စိတ်ဝင်စား စောင့်ကြည့်နေကြတယ်လို့လည်း ထင်မြင်မိပါတယ်”

 ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းက ပြောဆို ထားသည်။

    ယင်းဆွေးနွေးပွဲသို့ ဟောင်ကောင် ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းဝန် Mr. Edward Yau နှင့် အစိုးရအဖွဲ့ဝင်များ၊ ဟောင်ကောင် စီးပွာရေးလုပ်ငန်းရှင် ၁၃ဝ ကျော်နှင့် ဟောင်ကောင် အခြေစိုက် နိုင်ငံခြား စီးပွား ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံသူများတွက် ကောင်းမွန်သည့် ရင်းနှီးမြှုုပ်နှံမှု ပတ်ဝန်းကျင် ဖြစ်ပေါ်လာအောင် အစိုးရက အားစိုက် လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် မြန်မာ့လူငယ် ဦးရေမှာ မြင့်မားပြီး စာတတ်မြောက်သူများကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။

    ယင်းပြောဆိုမှုအပေါ် မြန်မာနိုင်ငံတွင် လူ့စွမ်းအား အရင်းအမြစ် ကောင်းမွန်နိုင်ခြေ များကြောင်း ကုမ္ပဏီများက တုံ့ပြန်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဟောင်ကောင်က အစိုးရအကြီးတန်းအရာရှိများ၊ ကိုယ်စားလှယ်များနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရရှိတဲ့အတွက် ကျေနပ်အားရမိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ တာဝန်ယူထားသူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

    ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သောင်းထွန်း ဦးဆောင်ကာ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန (DICA) ညွှန်ချုပ်နှင့် MIC အတွင်းဝန် ဦးအောင်နိုင်ဦး၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ဒါရိုက်တာ ဦးမျိုးသူနှင့် ကုန်သည် စက်မှုလက်မှု လုပ်ငန်းအသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးတို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

    ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက“အမှန်ပြောရရင် သွားတုန်းကတော့ ဒီလောက်အခြေအနေ ကောင်းလိမ့်မယ်လို့ မယူဆဘူး။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုုပ်နှံထားတဲ့ ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အားကျေနပ်မှု ရှိတာကို တွေ့ရတယ်။

    အသေးစိပ်တော့ မပြောနိုင်ဘူး။ ရှေ့ဆက်ပြီး တော့ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ပြီးလုပ် ဖို့မြင်တယ်။ နောက်အသစ်တွေက ကဏ္ဍစုံမှာ လာဖို့ရှိတယ်။ ကမ်းလှမ်းချက် အမျိုးမျိုးအသစ်တွေ ကြားတယ်”ဟု  ပြောသည်။

    ဆက်လက်၍ ၎င်းက “ပြည်တွင်းမှာ စီးပွားရေးကို သို့လော သို့လော ပြောနေကြပေမယ့် တကယ့် လက်တွေ့ကျတော့ တော်တော်လေး အားရကျေနပ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာ နိုင်ငံအနေနဲ့လည်း အခြေခံအချက်တွေ ကောင်းအောင် တည်ဆောက်ဖို့လိုတယ်။ အထူးသဖြင့် လျှပ်စစ်ကဏ္ဍတို့ပေါ့”ဟု ၎င်းကရှင်းပြသည်။

    ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးများကို ယခုထက်ကောင်းမွန် အောင် ပြုပြင်ပေးဖို့ လိုကြောင်း၊ ကြိုးနီစနစ်များကို ဖျက်သိမ်းပေးရန်နှင့် အလုပ်ရှင်၊ အလုပ်သမား အစရှိသည့် ကိစ္စရပ်များကို ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

    မြန်မာနိုင်ငံအတွက် နောက်ထပ် ကဏ္ဍအသစ်များ၊ လုပ်ငန်းခွင်အသစ်များကို ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်လာရန် လက်ရှိတွင် အခြေနေ ကောင်းများရှိနေပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ များတွင် အလားအလာကောင်းများ ရှိနေသည်။
McKinsey ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံအတွက်၂၀၃၀ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၃၂၀ ဘီလီယံခန့် လိုအပ်လျက်ရှိပြီး တရုတ်-မြန်မာ စီးပွားရေးလမ်း ကြောင်း (Belt and Road Initiative – BRI) လုပ်ငန်းစဉ်မှာလည်း နိုင်ငံစီးပွားရေး၏ အရေးပါသည့် နေရာတွင် ပါဝင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ယင်းဆွေးနွေးပွဲ ထုတ်ပြန်ချက်သတင်း တွင် ဖော်ပြထားသည်။

    ဟောင်ကောင်သည် ကမ္ဘာပေါ်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုအချက်အချာနှင့် ကုန်သွယ်ရေးဌာန တခု ဖြစ်ကာ အာရှဒေသ အတွက် ဥပဒေရေးရာနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် နေရာ ဖြစ်သည်။

    ထို့ပြင် မြန်မာ အပါအဝင် အာဆီယံဒေသ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုကောင်းမွန် လာ စေရန် အဓိကကျပြီး မြန်မာနိုင်ငံတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးပါက စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်သည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှစကာ ဟောင်ကောင်နှင့် မကာအို နိုင်ငံကူး လက်မှတ် ကိုင် ဆောင်သူများအား ဗီဇာမလိုဘဲ ရက် ၃၀ လာရောက် လည်ပတ်ခွင့်ကိုလည်း အစိုးရက ခွင့်ပြုထားပြီး ဖြစ်သည်။

    အစိုးရအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်စေရန်အတွက် အရေးပါသည့် စည်းမျဉ်း စည်း ကမ်းနှင့် ဥပဒေများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး ဖြစ်သလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ သစ်တို့ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

    ရင်းနှီးမြှုုပ်နှံမှုကဏ္ဍအတွက် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ပြုလုပ်ထားသည့်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား Star Reformer Award ဆုတံဆိပ်ကို ပြီးခဲ့သည့်နှစ်က ပေးအပ်ထားသည်။

Region Read 43 times