မောင်တောမြို့နယ်တွင် ပြည်သူဆေးရုံအဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သိန်းကျော် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
'' ရခိုင်ပြည်နယ်မှာဆိုရင် စီးပွားရေးတိုးတက်မှု အင်မတန်မှ မြန်မာနိုင်ငံမှာ နောက်ကျတဲ့ဒေသဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးကြီးတာက လူမှုရေးကဏ္ဍ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို အဲဒါကို ဦးစားပေးပြီးတော့ ဆက်လက်ပြီးတော့ အကူအညီပေးဖို့ စဉ်းစားနေပါတယ် '' ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက ပြောသည်။
လက်ရှိတွင် မောင်တောမြို့နယ်ရှိ ဆေးရုံတွင် ပြင်ပလူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင် မရှိသောကြောင့် ပြင်ပလူနာများကို အတွင်းလူနာဆောင်ရှိ နေရာတစ်ခုတွင် ထားရှိကုသရပြီး အထူးကြပ်မတ်ကုသဆောင်မရှိသောကြောင့် အရေးပေါ်လူနာများကို အခြားသောလူနာများနှင့် အတူတကွ ကုသရကြောင်း သိရသည်။
ထို့ကြောင့် မောင်တောမြို့နယ်ရှိ ပြည်သူ့ဆေးရုံအတွက် ပေးအပ်သည့် ထောက်ပံ့ငွေများဖြင့် ပြင်ပလူနာဆောင်၊ အရေးပေါ်လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်တို့ ဆောက်လုပ်ခြင်းနှင့် လိုအပ်သော ဆေးပစ္စည်းကိရိယာများ ဝယ်ယူခြင်းအတွက် သုံးစွဲသွားမည်ဟု မောင်တောမြို့နယ် ဆေးရုံအုပ် ဒေါက်တာကျော်မောင်မောင်သိမ်းက ပြောသည်။
အဆိုပါဆေးရုံစီမံကိန်းတွင် ခုတင် ၅၀ ဆံ့မည်ဖြစ်ပြီး တစ်နှစ်စီမံကိန်းဖြစ်၍ ဆေးရုံအဆင့်မြှင့်တင်ရေးအစီမံကိန်းများကို ဧပြီလတွင် စတင်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။