လူနေထိုင်ခွင့် မရရှိခင် အရစ်ကျချေးငွေအိမ်ရာများ ပျက်စီးပါက ပြန်လည်ပြုပြင်ပေးမည်


09 December, 2020

နိုင်ငံတော်အစိုးရမှ အရစ်ကျချေးငွေဖြင့် နေထိုင်ခွင့်ချထားပေးသည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ လူနေထိုင်မှုမရှိခင် ပျက်စီးပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံမှ သိရသည်။

 

        “ပုံမှန်အိမ်ရာချေးငွေအတိုး ၁၃ ရာခိုင်နှုန်းအစား သက်သာသော ချေးငွေအတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်အောင် ဂျပန်အစိုးရနဲ့ပူးပေါင်းလျက်ရှိပါတယ်။ ကနဦးသွင်းငွေ ၂၀ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်ရေးကိုလည်း မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ တည်ဆဲအမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီစေဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်ညှိနှိုင်းနေပြီး ပြီးပြတ်ပါက ခန့်မှန်းတစ်လမှ နှစ်လအတွင်း ပြည်သူများလက်ဝယ်သို့ရောင်းချပေးခြင်းဖြင့် အမြန်နေထိုင်ခွင့်ရရှိအောင် စီစဉ်နေပါတယ်။ နေထိုင်ခွင့်ရတဲ့အိမ်ရာတွေ ပျက်စီးရင် မြို့ပြနဲ့အိမ်ရာရဲ့ အစီအစဉ်နဲ့စစ်ဆေးပြီးလိုအပ်သလို ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

        နှစ်ရှည်အရစ်ကျဖြင့်ရောင်းချပေးသော တန်ဖိုးသင့်တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရန် ဂျပန်နှင့် မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဌာန၊ မြို့ပြနှင့်အိမ်ရာ၊ မြန်မာ့စီးပွား စသည့်ဌာနများနှင့် အိမ်ရာချေးငွေလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီတို့က၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က စတင်ကာ လုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်းများကို အချိန်ယူဆောင်ရွက်နေပြီး ပြီးပြတ်ပါက အတိုးနှုန်းသက်သာသောချေးငွေဖြင့်ရောင်းချရန် အဆင်သင့်ဖြစ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဆက်ပြောသည်။

 

        တိုက်ခန်းမဲပေါက်သူများကတိုက်ခန်းခ ကနဦးငွေပေးသွင်းပြီးသော်လည်း နေထိုင်ခွင့်မရသေးခြင်း၊ အချို့အိမ်ရာများမှာ ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းထံမှ သိရသည်။

 

Source: Myawaddy

Local Read 49 times