စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ထမံသီကျေးရွာအနီးတွင် ချင်းတွင်းမြစ်ကို ဖြတ်ကူးမည့်တံတားတစ်စင်းတည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထမံသီကျေးရွာခရီးစဉ်အတွင်း ထမံသီကျေးရွာ ဒေသခံတစ်ဦးက “၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထမံသီ တံတားစီမံကိန်းလုပ်ဆောင်မည်ဆိုသည်မှာ ကျိန်းသေပါသလား” ဆိုသည့် မေးခွန်းအပေါ် ဝန်ကြီးချုပ်က ယင်းသို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။
ယင်းတံတားစီမံကိန်းအတွက် ကျပ်သန်းတစ်ထောင် လျာထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“အခုလျာထားတာတော့ ရှိတယ်။ လျာထားတာကိုဖြစ်အောင် အကောင်အထည်ဖော်ဖို့ဆိုတာကတော့ တိုင်းဝန်ကြီးချုပ်မှာလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဗဟိုအစိုးရမှာလည်း တာဝန်ရှိတယ်။ အဲဒီတော့ ချိတ်ဆက်ပြီးတော့ လုပ်လိုက်ပါ့မယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ကို ဖြတ်ကူး ဖောက်လုပ်ထားသည့်တံတားအစင်းရေ ၅ စင်းရှိပြီး ယင်းတံတားစီမံကိန်းကို အကောင်အထည်ဖော်ပါက တံတားအစင်းရေ ၆ စင်း ရှိလာမည်ဖြစ်သည်။
ထမံသီကျေးရွာသည် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် မိုင်ပေါင်း ၃၀ ကျော်အကွာအဝေး ချင်းတွင်းမြစ်ကမ်းဘေး မြစ်၏အနောက်ဘက်တွင် တည်ရှိသည့်ကျေးရွာလည်းဖြစ်သည်။
ယင်းကျေးရွာသည် မြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည့်အတွက် လေရှီးမြို့နယ်အတွင်းနေထိုင်သည့် နာဂတိုင်းရင်းသားများ အခြားမြို့နယ်များနှင့် ချိတ်ဆက်သွားလာရန် ယင်းကျေးရွာသည် အဓိကထွက်ပေါက်တစ်ခုဖြစ်ပြီး ထမံသီကျေးရွာ၏ မြစ်အရှေ့ ဘက်ကမ်းတွင် မုံရွာမြို့နှင့် ခန္တီးမြို့တိုက်ရိုက်ချိတ်ဆက်သွားလာနိုင်သည့် ဗျူဟာလမ်းမကြီး ရှိသည်။