ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်ရှိ မြေဧက ၁၆ဝဝ အကျယ်အဝန်းတွင် ထန်းတပင်စက်မှုဇုန်ကို အကောင်အထည်ဖော်ရန်စီစဉ်လျက်ရှိကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရှိပြင်ပမြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်လျက်ရှိပြီးယင်းတို့အနက်ထန်းတပင်စက်မှုဇုန်စီမံကိန်း ပါဝင်ကြောင်းသိရသည်။
လက်ရှိတွင် ထန်းတပင်စက်မှုဇုန်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရန် တရုတ်(တိုင်ပေ) အခြေစိုက်ကုမ္ပဏီတစ်ခုက ထန်းတပင်စက်မှုဇုန်တွင်လုပ်ကိုင်ဆောင်ရွက်လိုသည့် အခြေအနေများကို လွှတ်တော်သို့တင်ပြထားကြောင်း သိရသည်။
"ထန်းတပင်လိုပဲလှည်းကူးစက်မှုဇုန်ကို ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ပြင်ပ မြို့နယ်တွေမှာ စက်မှုဇုန် ၁၁ ခုဖော်ဆောင်ဖို့ ၂ဝ၁၇ ခုနှစ် ကတည်းက developer တွေနဲ့ ရင်းနှီးမြှုပ်နံှလိုသူတွေကို ဖိတ်ခေါ်ထားပါတယ်"
ဟုသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် ကိုကိုးကျွန်းမြို့နယ်မှ အပ ကျန် ၄၄ မြို့နယ်၏ ဧရိယာအကျယ်အဝန်းသည် ၁ဝ၂၃၉ စတုရန်းကီလိုမီတာရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှု အောက်တွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိသည်။
ယင်း ၃၃ မြို့နယ်၏ အကျယ်အဝန်းသည် ၇၉၄ စတုရန်းကီလိုမီတာ ရှိပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ကျန်မြို့နယ် ၁၁ မြို့နယ်၏ အကျယ်အဝန်းသည် ၉၄၄၅ စတုရန်းကီလိုမီတာရှိကြောင်း နှင့် အဆိုပါမြို့နယ်များအတွင်း နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
Source:Myawaddy