သူဌေး ရေအား လျှပ်စစ် စီမံကိန်း


27 October, 2020

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာမိုင် ၇၀ ခန့်ရှည်လျားသည့် သူဌေးချောင်းပေါ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄) တည်ဆောက်ရေးက သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ယခုအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ ၄၂ ဒသမ ၇၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းမှ နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ ကို မဟာဓာတ်အားလိုင်းမှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်လုပ်ဖြန့်ဖြူးသွားရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန်လျာထားသည်ဟုသိရသည်။

စီမံကိန်းတွင် ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းနှင့် ဆွစ်ယာဒ်လုပ်ငန်းများကို အဓိကတည်ဆောက်ရေးလုပ်ငန်းများအဖြစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၃၅၄၆၀၁ ဒသမ ၂၅ ခန့်နှင့် နိုင်ငံတော်၏ နှစ်အလိုက် ခွင့်ပြုရန်ပုံငွေအရ စီမံိကိန်းကြီးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပင်မတမံအပါအဝင် ရေအားလျှပ်စစ်အဆောက်အအုံများ ဆောက်လုပ်နိုင်ရန် ပထမဆုံးရေလွှဲရမည် ဖြစ်သည့်အတွက် မြစ်ရေလွှဲခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သည့် ရေလွှဲဥမင်လိုဏ်တူးဖော်ခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဥမင်လိုဏ် အမှတ်(၁)နှင့် အမှတ်(၂) ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလအတွင်းက တိုးလျှိုပေါက်ဖောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ဥမင်လိုဏ်ခိုင်ခံ့မှုများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ရေလွှဲဥမင်လိုဏ်များပြီးစီးပါက ရေးတာတမံနှင့် ပိတ်ပြီး မြစ်ရေလွှဲခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ရေလွှဲပြီးပါက ပင်မတမံကြီးအားဖို့၍ ဓာတ်အားပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို နော်ဝေနိုင်ငံ Norwegian Water Resources and Energy Directorate(NVE) အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့်လည်းကောင်း၊ မြို့ပြဆိုင်ရာတည်ဆောက်မှုလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့် လည်းကောင်း၊ စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာတပ်ဆင်ခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ EXIN BANK ချေးငွေဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းအဆောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

Myanmar alin

Factory and Industrial Plant Read 182 times