မြန်မာလူမျိုးများသည် အိမ်ခြံမြေနှင့်ပတ်သက်ပြီးအစွဲအလမ်းများရှိသည်။လမ်းဦးတိုက် အိမ်ဦးတိုက်မနေကောင်းဘူး ခိုက်တတ်သည်ဆိုသော အယူအဆလေးတွေ ရှိကြသည်။
တချို့သည် ထိုသို့သော အယူအဆမရှိကြပေမဲ့ တချို့ကတော့ခုထိရှိတုန်းပင်ဖြစ်သည်။
မြန်မာလူမျိုးတို့ယုံကြည်ကြသော အိမ်ခြံမြေ အစွဲအလမ်းများကို ဖော်ပြလိုက်ပါသည်။
လမ်းဦးတိုက်
လမ်းအားထိပ်တိုက် ဆောက်ထားသောအိမ်ဖြစ်ပြီး ဤကဲ့သို့အိမ်မှာ နေမည်ဆိုလျှင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်သို့လှည့်ပေးထားရမည်။သို့မဟုတ်
အိမ်ရှေ့တွင် သောက်ရေအိုးစင်ဆောက်တာမျိုးလည်း ရသည်ဟုသိရသည်။
နို့ညှပ်
ညီအစ်ကိုကြား၊သားအဖကြားရောက်နေသောအိမ်ဖြစ်သည်။ကိုယ်နှင့်ကပ်ရပ် ဘယ်နှင့်ညာမှ အိမ်ပိုင်ရှင်များသည် သားအဖ၊ညီအကိုများဖြစ်နေခြင်းဖြစ်သည်။
ထိုသို့့နေမိသည်ဆိုလျှင် ထညပ်(ငါးကပ်ရာတွင် သုံးသော ဝါးညှပ်)ကို အိမ်၏တစ်ဖက်တစ်ချပ်တွင် ထားရပါသည်။
စေတီဦးတိုက်
ဘုရားကျောင်းကန်စေတီပုထိုးတစ်ခုခုသည်မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်တွင် ရှိနေခြင်းကိုဆိုလိုပါသည်။ထို့သို့နေမိလျှင် အနီးအနားဘုရားကျောင်းကန်တစ်ခုတွင်
ကောဇောခင်းခြင်း၊ကျောက်ပြားခင်းခြင်း၊တံမြက်စည်းလှည်းခြင်းများ လုပ်ပေးရသည်ဟု သိရသည်။
ကြမ်းဦးတိုက်
အထပ်တစ်ခုပေါ်၊ကြမ်းခင်းတစ်ခုပေါ်၊အဆင့်တစ်ခုပေါ်ကို တက်လိုက်သည့်အခါ ကိုယ့်ခြေဖဝါးသည် ထိုအထပ်မှာ ခင်းထားသော ကြမ်းအလျားတိုင်းချမိနေခြင်းကို ဆိုလိုပါသည်။
ထိုသို့ကြမ်းခင်းထားသော အဆောက်အဦးတွင်နေမိပြီ ဆိုလျှင် ထိုကြမ်းခင်းတွင်ဖယောင်းပုဆိုး၊ကော်ဇော သို့မဟုတ် တစ်ခုခုခင်းပေးရသည် ဟု သိရသည်။
အိမ်တံစို့
မိမိအိမ်သို့အခြားအိမ်မှ အလယ်တည့်တည့်ကန့်လန့်ဆောက်ထားခြင်းဖြစ်သည်။ထိုသို့ဆိုလျှင် မိမိအိမ်ဘက်မှ ကန့်လန့်ဆောက်ထားသော အိမ်ကို မှန်တစ်ချပ်ထောင်ပေးထားရပါသည်။
နေအိမ်တွင်းမှာ ခြတောင်ပို့ရှိလျှင် အရောင်းအဝယ်မကောင်းကြောင်း၊မိမိအိမ်မျက်နှာစာမှ အခြားအိမ်၏နောက်ဖေးဖြစ်နေလျှင် မကောင်းဘူးဆိုသော အယူအဆများလည်းရှိသည်။
ရိုးရာအယူအဆများအား ဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
Shweproperty