မြေဝယ်ယူမည်ဆိုလျှင် စစ်ဆေးသင့်သည့်အချက်များ


16 November, 2020

မြေဝယ်ယူမည်ဆိုလျှင်အောက်ပါအချက်များကို သိထားသင့်သည်။

၁။မြေပိုင်ဆိုင်မှုအမျိုးအစား

မိမိအနေနှင့် မြေဝယ်ယူမည်ဆိုလျှင် အမျိုးအစားကို သိရှိရန် အရေးကြီးသည်။ဥပမာ-လယ်မြေ၊ရွာမြေ၊ဥယျာဉ်ခြံမြေ၊ဂရန်မြေ၊ဘိုးဘွားပိုင်မြေ စသော မြေအမျိုးအစားများစွာရှိသည့်အတွက်

မိမိဝယ်ယူမည့်မြေအမျိုးအစားကို သိရှိရန်လိုအပ်သည်။မြေအမျိုးအစားပေါ်မူတည်ပြီး ခိုင်မာမှု၊စျေးနှုန်းကွာခြားချက် များရှိနေကြောင်း သိရသည်။

၂။မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု ရှိမရှိ

မြေပိုင်ဆိုင်မှု အထောက်အထားမှန်ကန်မှု ရှိ မရှိစစ်ဆေးရပါမည်။မြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်မှုမရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးတွင် အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်သောကြောင့် ၎င်းအချက်သည်အရေးကြီးဖြစ်ကြောင်း သိရသည်။

၃။စာချုပ်အား ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရမည်

မိမိဝယ်ယူသော မြေနှင့်ပတ်သက်ပြီး ငွေပေးချေမည်ဆိုလျှင် စရန်စာချုပ်မှ ပြီးဆုံးသည့်အထိ စာချုပ်အရေးအသားကို ပိုင်နိုင်စွာ ချုပ်ဆိုတတ်ရန်လိုပါသည်။ပြီးစလွယ် ချုပ်မည်ဆိုလျှင် နောက်ငွေပေးချေမှုအဆင့်တိုင်းတွင် နစ်နာမှုရှိသောကြောင့်

စရန်စာချုပ်အရေးအသားအချက်အလက်နှင့် ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲများကို တိကျစွာရေးသားထားရန်လိုအပ်သည်။ငွေပေးချေမှုအဆင့်တိုင်းတွင်လည်း

မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူသည့်ပိုင်ဆိုင်မှုပစ္စည်း၏မူရင်းအချို့လက်ဝယ်ရရှိနိုင်ရန်ထည့်သွင်းချုပ်ဆိုနိုင်ရန် လိုအပ်ကြောင်း သိရသည်။

၄။မဖြစ်မနေ မိမိဝယ်ယူထားသော မြေနှင့်ပတ်သက်၍ သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်းထည့်ပါ

မိမိဝယ်ယူထားသော မြေနှင့်ပတ်သက်ပြီး စရန်ငွေပေးချေပြီးသည်နှင့် ရက်မဆိုင်းဘဲ သတင်းစာထဲတွင် ၎င်းမြေနှင့် ပတ်သက်သော ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန်ဖိတ်ခေါ်သည့်အနေဖြင့် ကြော်ငြာထည့်သင့်သည်။

၅။ကိုယ်ဝယ်ယူမယ့် မြေပေါက်စျေးအား သိရန်လိုအပ်

မိမိဝယ်ယူမည့်မြေပေါက်စျေးကို သေချာစုံစမ်းမေးမြန်းရန်လိုအပ်သည်။ပေါက်စျေးမသိရှိပါက အကြောင်းအမျိုးမျိုးကြောင့် မိမိဝယ်ယူမည့်မြေစျေးနှုန်းသည် ပေါက်စျေးထက်များတတ်ကြောင်း သိရသည်။

Source:Shwe Property

Tips Read 57 times