ရှမ်းကလေးကျွန်းကျေးရွာအနီးရှိ မြေနုကျွန်းနှင့် ကိုင်းကျွန်းမြေများအပါအဝင် မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀ ကျော်ပေါ်တွင် မြို့ပြစီမံကိန်းတစ်ခု အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းကို အမရပူူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဟု အမည်ပေးထားပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ Mandalay Business Capital City Development Co.,ltd(MBCCD) မှ အကောင်အထည်ဖော်ရန်စီစဉ်ထားကြောင်းသိရသည်။
ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။
စီမံကိန်းအတွင်းပါဝင်မည့် မြေဧရိယာ၏ သုံးပုံတစ်ပုံကျော်ကို ဒေသခံများထံမှ ဝယ်ယူထားပြီးလိုအပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်းများလည်းကောက်ယူနေပြီဖြစ်ကြောင်းသိရသည်။
စီမံကိန်းအကောင်အထည်ဖော်မည့် မြေဧရိယာများသည် ရှမ်းကလေးကျွန်းအပါအဝင် မန္တလေးမြို့ ကန်တော်ကြီးဝန်းကျင်၊ ရွှေကြက်ယက်ဘုရားဝန်းကျင်နှင့် ရတနာပုံတံတားအနီးဝန်းကျင်ရှိ ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက်ရှိ ရေဝပ်ဧရိယာ၊ ကျွန်းမြေနှင့် ရွာမြေအများစုပါဝင်သည်။
မြေနေရာဝယ်ယခြင်းအပါအဝင် စီမံကိန်းလုပ်ငန်းတစ်ခုလုံးကို ကုမ္ပဏီ၏ရင်းနှီးမြုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန်စီစဉ်ထားကြောင်းသိရသည်။
ယင်းစီမံကိန်းအတွက် ပထမအဆင့်အနေဖြင့် ကျပ်ဘီလီယံ ၅၀၀ ရင်းနှီးကာစတင်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် ဧရာဝတီမြစ်အတွင်း မြေနုကျွန်းနှင့် ရေဝပ်ဧရိယာများကို မြေဖို့ကာ တည်ဆောက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်၍ ကမ်းပြိုခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစပေါ်မည်ကို ဒေသခံများက စိုးရိမ်မှုရှိနေကြောင်းသိရသည်။
အမပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် မန္တလေး၊ အင်းဝ၊ အမရပူရ စသည့် သမိုင်းတန်ဖိုးကြီးမားသည့် ရှေးဟောင်းမြို့ကြီးသုံးမျိုးနှင့် ဆက်စပ်နေသကဲ့သို့ ဧရာဝတီမြစ်အတွင်း အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
စီပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမည်မဟုတ်ပဲ စီမံကိန်း Master Plan ရေးဆွဲခြင်းအပါအဝင် EIA,SIA စစ်တမ်းကောက်ယူရာတွင် နိုင်ငံတကာအဆင့်မီ လုပ်ဆောင်ထားသည်ဟု သိရသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရန် ယခင်အစိုးရလက်ထပ်တည်းက မန္တလေးမြို့တော်စည်ပင်ကခွင့်ပြုထားပြီး စီမံကိန်းအကောင်အထည်ဖော်ပြီးပါက မန္တလေးစည်ပင်အနေဖြင့် စီမံကိန်း၏ ၂၅ ရာခိုင်နှုန်းအထိရရှိမည်ဖြစ်ကြောင်းသိရသည်။
Source:7 Day Daily