မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုပြုသည့် စီမံကိန်းများတွင် ဒိတ်ဒိတ်ကြဲများ ဘရိတ်နင်းချလိုက်ပြီး ရပ်သွားကြသည်။ ပြန်လည်ထွက်ခွာကြသည်များလည်း ရှိနေစဉ် နရင်ဒရာမိုဒီ၏ နယူးဒေလီမြို့တော်အခြေစိုက် အစိုးရက မြန်မာနိုင်ငံတွင် လုပ်ငန်းများ အကောင်အထည်ဖော်ဖို့ အစပျိုးစရာကို အားထက်သန်စွာဖြင့် လိုက်ရှာသည်။ ထိုမျှမကသေးချေ။ နရင်ဒရာမိုဒီ၏ အစိုးရက အန္ဒိယစီးပွားရေးသမားများကို မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေဖို့ တိုက်တွန်းသည်။
ဆုံးဖြတ်ချက်က မလွယ်ကူပါ။ ဘဏ်စနစ်က သွက်ချာပါဒ လိုက်နေသည်။ ငွေသား ကျပ်ငွေသားနှင့် နိုင်ငံခြားငွေသား ၂ မျိုးစလုံး မလောက်င ဖြစ်နေသည်။ ကျန်းမာရေး အန္တရာယ်က ထူးကဲစွာ မြင့်မားနေသည်။ ဆေးဝန်ထမ်းများက စီဒီအမ်တွင် ပါဝင်နေကြသည်။ တရားဥပဒေစိုးမိုးရေးက ဆိုးဝါးနေသည်။ အရပ်သား လွတ်မြောက်ရေးအုပ်စုများနှင့် စစ်တပ်တို့အကြား ထိပ်တိုက်ပဋိပက္ခများ အဆန်းတကြယ် မဟုတ်တော့ချေ။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ ပြင်းထန်သည့် ပြဿနာ ဒုက္ခထဲ ရောက်နေကြသည်။ မရေရာခြင်း မသေချာခြင်း အပြတ်မပြောနိုင်ခြင်းများက ရင်းနှီးမြှုပ်နှံမှုများ အများအပြားကို မလွှဲမရှောင်သာသဖြင့် လျှော်ပစ်ပြီး စာရင်းမှ ပယ်ဖျက်စေသည်။ အနောက်တိုင်းမှ ကုမ္ပဏီများ ဈေးကွက်ထဲ တည်ရှိနေမှုကို အရွယ်လျှော့ချထားလိုက်ကြသည်။ လုပ်ငန်းလည်ပတ် လုပ်ကိုင်နေသည်တို့တွင် ငွေလွှဲကို တတိယနိုင်ငံမှ တစ်ဆင့် လမ်းကြောင်းပြောင်းပြီး လုပ်ကိုင်ခြင်းဖြင့် စစ်တပ်နှင့် ဆက်နွှယ်မှု ရှိကြောင်း စွပ်စွဲမှုများကို ခြံခတ်ကာကြသည်။
မည်သို့ပင် ဖြစ်စေကာမူ ထိုဆက်နွှယ်မှုများသည် ရှောင်လွှဲဖို့ မဖြစ်နိုင်ချေ။ စစ်တပ်သည် အရေးပါသော ဝန်ကြီးဌာနများအားလုံးကို ကိုင်ထားပြီး ဗီတိုပါဝါလည်း ရှိပေသည်။ စီးပွားရေး လုပ်ငန်းများစွာကို ပူးပေါင်းတည်ထောင်ထားသော ကော်ပိုရေးရှင်းကြီးပုံစံဖြင့် လုပ်ကိုင်သည်။ အဓိကျသည့် စီးပွားရေး လုပ်ကိုင်မှုများနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်မှုများ အားလုံးနီးပါးတို့တွင် သူတို့ ပါဝင်နေသည်မှာ သေချာအောင် လုပ်ထားသည်။
သို့သော်ငြားလည်း နယူးဒေလီအစိုးရက အခိုင်အမာ ရပ်တည်သည်။ တရုတ်ကို အလွတ်မပေးလိုချေ။ ယခင်တစ်ကြိမ် စစ်တပ်အုပ်ချုပ်သည့်ကာလ ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် ငါးခုနီးပါး တရုတ်က ဟန်ကျနေခဲ့သည်။ နိုင်ငံ၏ အတော်အတန်ကြီးမားသောအရွယ်အစားရှိသည့် သဘာဝ သယံဇာတများကို ဘီဂျင်းအစိုးရလက်ထဲ ရောက်သွားခဲ့သည်။
ITC Trade Map အလိုအရ ၂၀၁၉ ခုနှစ်တွင် မြန်မာ့ပို့ကုန်တွင် ၃၂ % သည် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်း ဖြစ်သည်။ သဘာဝဓာတ်ငွေ့သည် တင်ပို့မှုတွင် ထိပ်ဆုံးမှာ ရှိသည်။ ထိုမျှကြီးမားသော အရင်းအမြစ်များအပေါ် အိန္ဒိယ လက်ထဲ ထိန်းချုပ်ထားသည်မှာ သုည ဖြစ်နေသည်။ မြန်မာ့ သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးတွင် ၄% အောက်သာ ဝေစု ရှိသည်။
ကျောက်ဖြူဆိပ်ကမ်း ကုန်ကျစရိတ် တစ်စထက်တစ်စ ပိုကြီးမားလာခြင်းနှင့် မြန်မာ့ကြွေးတာဝန် မြင့်တက်လာနေခြင်း အပါအဝင် ထောက်ပြစရာအချက်များ ရှိနေလင့်ကစား တရုတ်နိုင်ငံ လုပ်ကိုင်မှုများသည် မရပ်နားခဲ့ချေ။ ၂၀၁၁ မှ ၂၀၂၁ ၁၀ နှစ် ဒီမိုကရေစီအုပ်ချုပ်ရေးကာလတွင်လည်း ဆက်လက်လုပ်ကိုင်နေခဲ့သည်။
အိန္ဒိယသည် တရုတ်ကို မယှဉ်သာခဲ့ချေ။ ထိုအလားအလာ ဦးတည်ရာကို ချိုးဖောက်ရန် အိန္ဒိယ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများသည် ၎င်း၏ အနေအထားကို အားတောင့်တင်းဖို့ လုပ်ဆောင်ချက်များ ဖြစ်သည်။
သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး Trilateral Highway စီမံကိန်းကို ၂၀၁၈ တွင် ကန်ထရိုက် ရရှိခဲ့သည်။ နောက်ဆုံးရ အစီရင်ခံချက်များအရ အကောင်အထည်ဖော်မည့် အေဂျင်စီ National Highways Authority of India (NHAI) သည် အဝေးပေးလမ်းမကြီး ပြီးစီးရန် မြန်မာနိုင်ငံတွင် အပြည့်အဝ လုပ်ကိုင်လျက် ရှိသည်။ အာဏာသိမ်းခြင်းနှင့် ကိုဗစ်ကပ်ရောဂါတို့က ဆောက်လုပ်ရေးအပေါ် သက်ရောက်မှု ကြီးမားသဖြင့် ဩဂုတ်လဆန်းပိုင်းတွင် အိန္ဒိယမှ ဆောက်လုပ်ရေးဝန်ထမ်းများ ပြည်တော်ပြန်ကြရသည်။
မြန်မာနိုင်ငံတွင် အဝေးပြေးလမ်းဖောက်လုပ်ရေး ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက် ရှိသော IMT Expressway Co Ltd မှ ဝန်ထမ်း ၄၂ ဦးတို့သည် ဩဂုတ်လ ၆ ရက်တွင် နယ်စပ်မြို့ မိုးရေးသို့ ရောက်ရှိလာကြသည်။
မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှ ယာကြီး-ကလေးဝ လမ်းပိုင်း မိုင်တိုင် ၄၀ မှ ၁၁၅/၅ အထိ အတွင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ဝန်ထမ်း ၄၂ ဦးကို COVID-19 ဆေးစစ်ရာ၌ တစ်ဦးသည် ကူးစက်ခံထားရကြောင်း သိရသည်။
လောလောဆယ်တွင် အိန္ဒိယက ရခိုင်ပြည်နယ်ရှိ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော စစ်တွေဆိပ်ကမ်းကို သင်္ဘောများ စတင် အသုံးပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကုလားတန်ဆိပ်ကမ်းကို အသင့်ပြင်ဆင်ခိုင်းထားသည်။
မြန်မာနိုင်ငံသို့ အိန္ဒိယ ပြန်ဝင်ရောက်သည်မှာ အကြမ်းအားဖြင့် လွန်ခဲ့သည့် ၁၀ နှစ်က ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဝင်ရောက်ခဲ့သည်။ ထိုစဉ်မှစ၍ ပြည်တွင်း ဆေးဝါးဆေးကွက်တွင် ကြီးစိုးခဲ့သည်။ ဖွံ့ဖြိုးစ အိုင်တီနယ်ပယ်တွင်လည်း အိန္ဒိယကုမ္ပဏီများ နေရာဝင်ယူသည်။ Adani Group က ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုထိုသော ဝင်ရောက်လုပ်ကိုင်ခြင်းများ ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ရင်နှီးမြှုပ်နှံမှုများသည် ပြောပလောကသည့် အဆသင့်အတန်းသို့ မရောက်ရှိသေးချေ။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA ၏ စာရင်းဇယားများအရ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈၇.၅ ဘီလျံ ရှိခဲ့ရာ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် ကန်ဒေါ်လာ ၇၇၃ သန်း မျှသာ ရှိခဲ့သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် ကန်ဒေါ်လာ ၂၁.၅ ဘီလျံ၊ ထိုင်းသည် ကန်ဒေါ်လာ ၁၁.၄ ဘီလျံနှင့် ဗီယက်နမ်သည် ကန်ဒေါ်လာ ၂.၂ဘီလျံ ရှိသည်။ တရုတ်နှင့် ထိုင်းတို့သည် မြန်မာနိုင်ငံတွင် အမြဲရှိနေကြသည်။
ယခုအခါ စစ်တပ်နောက်တွင် တရုတ်နိုင်ငံ ရှိနေသည်ဟု ယူဆသတ်မှတ်ထားကြစဉ် တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သည့် စက်ရုံများ မီးလောင်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံမှ လုပ်ငန်းများ ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်း မရှိချေ။
နယ်ခြားကုန်သွယ်ရေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပုံမှန်စတင်ခဲ့သည်။ မဏိပူရနယ်ခြားတွင် ဗီဇာထုတ်ပေးခြင်း စတင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဖြစ်သည်။ ထိုသို့ နယ်ခြားဖွင့်လှစ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မာနိုင်ငံသားတို့ လက်လှမ်းမီသွားစေခဲ့သည်။ အင်ဖာသည် ကျန်းမာရေး ဆေးကုသမှု ခရီးသွားလုပ်ငန်း တွင်ကျယ်သည့်မြို့ ဖြစ်လာသည်။
ထို့ပြင် အိန္ဒိယသည် မြန်မာနိုင်ငံရေး ဘာသာရေးနယ်မြေများတွင် ရှေးအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံခြင်းတွင် ပူးပေါင်းလုပ်ကိုင်ပေးသည်။ အင်္ဂလိပ်ဘာသာဖြင့် ပညာရေးအစီအစဉ်များကိုလည်း ပူးပေါင်း လုပ်ဆောင်သည်။ စပါးစိုက်သူများ အထွက်နှုန်းကောင်းစေရေးကိုလည်း ပါဝင်လုပ်ဆောင်သည်။ ဆေးရုံများ အဆင့်မြှင့်တင်ရေးတွင်လည် ပါဝင်လုပ်ကိုင်သည်။ ရန်ကုန်မြို့ တစ်ဘက်ကမ်း သံလျင်မြို့နယ်တွင် ရေနံချက် စက်ရုံ ထူထောင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်လည်း ရှိနေပေသည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နှင့်ယှဉ်ပြိုင်ရန် ကြိုးစားလာသော အိန္ဒိယ
Source: marketexpress.in