ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လှည်းကူးမြို့နယ်တွင်အကောင်အထည်ဖော်မည့် ကိုးရီးယား-မြန်မာ Industrial Complex (KMIC)စီမံကိန်းအတွက် လိုအပ်သော ရေ၊လမ်း၊မီး စသည့် အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးနိုင်မည့် ကိုရီးယားသမ္မတနိုင်ငံEXIM Bank of Korea ထံမှ EDCF ချေးငွေ ကန်ဒေါ်လာ၆၁ ဒသမ ၈၁၆ သန်းရယူရန် အတွက် စက်တင်ဘာ ၆ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီကြောင်း အတည်ပြုဆုံးဖြတ်သည်
လှည်းကူး KMIC စီမံကိန်းအောင်မြင်နိုင်ရန် အခြေခံအဆောက်အအုံများဖြစ်သည့် လိုအပ်သော လျှပ်စစ်ပိုင်းဆိုင်ရာအား လျှပ်စစ်ဝန်ကြီးဌာနဖြင့်လည်းကောင်း၊ရေသန့်လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဖြင့်လည်းကောင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုချေးငွေရယူခြင်းသည်ပြီးစီးနေသည့်လုပ်ငန်းများအတွက် တောင်းခံခြင်းမဟုတ်ပဲ ယခုချေးငွေအတည်ပြုတော့မှ လုပ်ငန်းတွေက စတင်ဆောင်ရွက်မည်ဖြစ်သည်။KMIC စီမံကိန်းဆောင်ရွက်သောအခါတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့်ရေရှည်ခိုင်ခံ့ကောင်းမွန်ဖို့အတွက် ကိုရီးယား EXIM Bank ၏ အကူအညီနှင့် နိုင်ငံတကာနည်းပညာအကြံပေးပညာရှင်များ ငှားရမ်းဆောင်ရွက်မည်ဖြစ်သည်။
လိုအပ်သော ဒီဇိုင်းတွက်ချက်ပုံစံထုတ်ခြင်း၊တင်ဒါခေါ်ယူခြင်းနှင့်အရည်အသွေးဆိုင်ရာကြီးကြပ်ခြင်းများကို ငှားရမ်းမည့် နည်းပညာအကြံပေးပညာရှင်များက ဆောင်ရွက်သွားမည်ဖြစ်သည်။KMIC စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ၅၅၈ ဧကပေါ်တွင် Korea Land and Housing Corporation နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Korea Land and Housing Corporation မှ စက်မှုဇုန်အတွင်းပိုင်းအတွက်လိုအပ်သောလမ်း၊ရေ၊မီး အခြေခံအဆောက်အအုံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊စက်မှုဇုန်တည်ဆောက်သည့်အတွက် စီးပွားရေးအကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း၊စီမံကိန်းတွင် စက်ရုံ ၂ဝဝ ခန့်မှ နှစ်စဉ် အခွန် ကန်ဒေါ်လာ ၁ဝသန်းခန့်ရရှိနိုင်ကြောင်း၊တည်ဆောက်ရေးလုပ်ငန်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ အထိနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်ပါက ကိုရီးယားရင်းနှီးမြှုပ်နှံမှု စက်ရုံ ၂ဝဝ ခန့်ကို ဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း၊လှည်းကူးမြို့နယ်၏ ဒေသ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊အလုပ်အကိုင် အခွင့်အလမ်း ၅ဝဝဝဝ မှ ၁ဝဝဝဝဝ ကို ဖန်တီးပေးနိုင်ခြင်း၊နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မှပြောကြားခဲ့ကြောင်းသိရသည်။