ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်ကုန်ကျသည့်စက်မှုလုပ်သားအိမ်ရာဇူလိုင်လတွင်ပြီးစီးမည်


02 November, 2020


စက်မှုဇုန်အလုပ်သမားများအဆင်ပြေစွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်တည်ဆောက်နေသည့် ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်ကုန်ကျသောစက်မှုဇုန်လုပ်သားအိမ်ရာတည်ဆောက်မှုမှာ လာမည့်ဇူလိုင်လတွင်ပြီးစီးမည်ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီဥက္ကဌပြောကြားချက်အရ သိရသည်။

ယင်းအိမ်ရာစီမံကိန်းကို လှိုင်သာယာမြို့နယ်ရွှေလင်ဗန်းစက်မှုဇုန်အတွင်းဆောက်လုပ်နေခြင်းဖြစ်ပြီး အခန်း ၆၀ ပါရှိသည့် ငါးထပ်တိုက်အလုံးပေါင်း ၁၈ လုံးကို ၂၀၁၅ ခုနှစ်ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါဆောက်လုပ်မှုရာခိုင်နှုန်း ၉၀ ကျော်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ယင်းအဆောက်အအုံများတည်ဆောက်ရန် အစိုးရထံမှမြေတစ်ဧကအတွက်တစ်နှစ်လျှင်ငွေကျပ်ငါးသိန်းဖြင့် မြေလေးဧကကိုနှစ်ခြောက်ဆယ်စာချုပ်ချုပ်ဆိုကာငှားရမ်းခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအဆောက်အအုံအတွက်ကုန်ကျစရိတ်ကိုအခန်းဝယ်ယူသည့်စက်ရုံပိုင်ရှင်များကပေးရမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်မှမြေကိုဈေးသက်သာစွာနှင့်ငှားရမ်းပေးခဲ့ပြီး အဆောက်အအုံကိုအခန်းဝယ်ယူမည့်သူများကအရင် ဆုံးအရစ်ကျပေးချေသည့်ငွေနှင့်ကန်ထရိုက်နှင့်ပူးပေါင်းပြီးဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခန်းတစ်ခန်းလျှင်ကျပ် ၆၂ သိန်း၊ ၆၈ သိန်း၊ ၇၂ သိန်းမှ သိန်း ၉၀ ဖြင့်ရောင်းချကြောင်းသိရသည်။

ယင်းတိုက်ခန်းများတွင်ယင်းစက်မှုဇုန်ရှိစက်ရုံများမှအလုပ်သမားများသာနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ပြီးတိုက်ခန်းအချို့တွင် အလုပ်သမားများနေထိုင်နေပြီဖြစ်ကြောင်းသိရသည်။

kumudra journal

Public Housing Read 73 times