ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်အတွင်းမှ မှော်ဘီမြို့တွင် စက်မှုဇုန်စီမံကိန်း ဆောင်ရွက်ရန် လာရောက်စုံစမ်းမှုတွေရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်ရန် စီစဉ်နေသည့် မြို့တော်ပြင်ပ စက်မှုဇုန် ၁၁ ခု အနက် ၂ ခုသည် အကောင်အထည်ဖော်ရန် သေချာနေပြီဖြစ်ပြီး စီမံကိန်း နှစ်ခုသည် ထန်းတပင်နှင့် လှည်းကူးမြို့နယ်ရှိ မြေဧက ၁၆၀၀ နှင့် ၁၀၀၀ စီ ကျယ်ဝန်းသည့် မြေနေရာတွင်ဖြစ်သည်ဟု သိရသည်။
ထန်းတပင်စက်မှုဇုန်ကို စတင်ဆောင်ရွက်နေပြီး စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ သန်း ၃၀၀ ရှိသည်ဟု သိရသည်။
အထက်ပါစက်မှုဇုန် ၂ ခုအပြင် လက်ရှိတွင် သန်လျင်စက်မှုဇုန်ကို အကောင်အထည်ဖော်ရန် ကုမ္ပဏီ ၄ ခု၊ ကျောက်တန်း စက်မှုဇုန်ကို အကောင်အထည်ဖော်ရန် ကုမ္ပဏီ ၂ ခု လည်း အသီးသီးညှိနှိုင်း ဆွေးနွေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်အောက်၌ မြို့ပြအဖြစ် ၃၃ မြို့နယ်ရှိပြီး အဆိုပါမြို့ပြများတွင် စက်မှုဇုန် ၂၉ ခုရှိကြောင်း သိရသည်။
ထို့ကြောင့် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ်များတွင် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စက်မှုဇုန်စီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
မှော်ဘီမြို့၌ ဆောင်ရွက်မည့်စက်မှုဇုန် စီမံကိန်းအတွက် မြေဧက ၇၅၀ သတ်မှတ်ထားကြောင်း သိရသည်။
ဧက ၁၀၀၀ ရှိသည့် လှည်းကူးစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ထန်းတပင် စက်မှုဇုန်တို့သည်လည်း လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ဆဲ အခြေအနေရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဧက ၁၀၉၁ ဒသမ ၉၆ ရှိသည့် ကွမ်းခြံကုန်းစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ကော့မှူးစက်မှုဇုန်၊ ဧက ၈၅၀ ရှိသည့် တွံတေး စက်မှုဇုန်၊ ဧက ၁၀၈၈ ရှိသည့် သန်လျင်စက်မှုဇုန်၊ ဧက ၁၀၅၁ ဒသမ ၃၆ ဧက ရှိသည့် ကျောက်တန်းစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ခရမ်းစက်မှုဇုန်၊ ဧက ၁၈၇၁ ရှိသည့် သုံးခွစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် တိုက်ကြီးစက်မှုဇုန်တို့ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။