စီးပွားရေးမြို့တော် အသွင် ပီပီပြင်ပြင်ပြောင်းလဲနေသော ရန်ကုန်မြို့သည် ယခုတွင် စက်မှုဇုန်အသစ်များ ထပ်မံဖော်ထုတ်ရန်အစီအစဉ်ရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများသာမက အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသော
လူငယ်များအတွက်ပါ အဆင်ပြေလာနိုင်သည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေကြီးမြို့နယ် ၁၁မြို့နယ်တွင် စက်မှုဇုန်အသစ်များ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး မြို့ပြနေ သူများနှင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ မျှတမှုဖြစ်ပေါ်စေရန်
ယခုကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများ ထွက်ပေါ်လာနိုင်သော စက်မှုဇုန် အသစ်များကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်မှုဇုန် ၂၉ခုရှိနေပြီး စက်မှုဇုန်အသီးသီးတွင်စက်ရုံ အလုပ်ရုံများ တော်တော်များများလည်ပတ်နေပြီးဖြစ်သည်။
စက်မှုဇုန်များလုပ်ကိုင်လည်ပတ်နေသော်လည်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ မသုံးစွဲနိုင်သေးသည့်အတွက် လုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်အသစ်များသည် စက်မှုဇုန် တစ်ခုလျှင်မြေဧက ၁ဝဝဝခန့်အကျယ်သတ်မှတ်ဖော်ထုတ်မည်ဖြစ်သည်။
ထိုစက်မှုဇုန်အသစ်များမှာ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီးဆောင်ရွက်မည့် အစီအစဉ်ရှိသည်။အထူးသဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလာရန် ဆွဲဆောင်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်အသစ်များ ဖော်ထုတ်လျှင် အဓိက အနေနှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေး လိုအပ်မည်ဖြစ်သည်ဟု စီးပွားရေးသုံးသပ်သူများမှ ဆိုနေကြသည်။အခြေခံအဆောက်အအုံများဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး
အောင်မြင်စါာ အကောင်အထည်ဖော်နိုင်လျှင် နိုင်ငံတော်အတွက် အခွန်အခနှင့် လူငယ်များအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်း များထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ ခရမ်း၊သုံးခွ၊ကွမ်းခြံကုန်း၊ကော့မှူး၊ တွံတေး၊သန်လျင်၊ကျောက်တန်း၊တိုက်ကြီး၊မှော်ဘီ၊ထန်းတပင်၊လှည်းကူးစသော ၁၁မြို့နယ်တွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်မည်ဖြစ်သည်။
စက်မှုဇုန်အသစ်များ ရွေးချယ်ဖော်ထုတ်သည့်အခါ ရေနှင့် လျှပ်စစ်မီးရရှိပြီး ဆက်သွယ်ရေးကာင်းသော နေရာများ၊ စိုက်ပျိုးရေးဖြစ်ထွန်းမှုအားနည်းသော မြေနေရာများဖြစ်ရန်အတွက် တာဝန်ရှိသူများမှ စနစ်တကျ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
မြေပိုင်ရှင်များကိုလည်း အစိုးရမှ သတ်မှတ်ထားသော တန်ကြေးပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများ မြေယာဈေးနှုန်းသက်သာစွာနှင့် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးဖို့အတွက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေသည်ဟု သိရသည်။
ရန်ကုန်မြို့ဝန်းကျင်တွင် စက်မှုဇုန်သစ်များထပ်မံထွက်ပေါ်ရန်ရှိနေခြင်းသည် အခက်အခဲများ ကြားမှ ကြိုးစားအောင်မြင်ရန် ဆောင်ရွက်နိုင်လျှင် နိုင်ငံတော်အတွက် သာမက ပြည်သူများအတွက်ပါ ကောင်းမွန်သည့် အစီအစဉ်ဖြစ်သည်။
အလုပ်လက်မဲ့ဦးရေ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချနိုင်ပြီး လူငယ်များအတွက် ပုံမှန်ဝင်ငွေ ရရှိကာ စီးပွားရေးအခွင့်အလမ်းသစ်များပါထွက်ပေါ်လာနိုင်သည့် ရန်ကုန်မြို့၏စက်မှုဇုန်သစ်များ၏အခြေအနေအား စောင့်ကြည့်ရတော့မည်ဖြစ်သည်။