နိုင်ငံတော်အစိုးရသည်ချင်းပြည်နယ်တွင်စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍ တစ်ပြည်လုံးလွှမ်းခြုံနိုင်စေရန် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့နှင့်ပလက်ဝမြို့တို့တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန်တည်ဆောက်သွားမည်ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
ယင်းသို့စက်မှုဇုန်ရွေးချယ်တည်ဆောက်ရာတွင်ပလက်ဝမြို့သည်ကုလားတန်စီမံကိန်းကြောင့်ဖွံ့ဖြိုးတိုးတက်မှုများရှိလာနိုင်မည်ဖြစ်ကြောင်း၊ မကြာမီမဟာဓာတ်အားလိုင်းကိုလည်းရရှိတော့မည်ဖြစ်သည့်အပြင်လာမည့် ဘဏ္ဍာရေးနှစ်တွင် စက်မှုသင်တန်းကျောင်းကိုလည်းဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး ချင်းပြည်နယ်အတွင်းရှိအသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း(SME) လုပ်ငန်းရှင်များကိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့သည်အလယ်ပိုင်းဒေသများအတွက်အဆင်ပြေနိုင်မည့်နေရာဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးမှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ကြောင်းသိရသည်။
ဟားခါးနှင့်ပလက်ဝမြို့တို့တွင် စက်မှုဇုန်တည်ဆောက်ရာတွင်ကလေးစက်မှုဇုန်ကဲ့သို့ရှေးဦးစွာ ကားထုတ်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်မည့်အခြေအနေမရှိသေးသော်လည်းကားပြုပြင်ရေးလုပ်ငန်းများ၊ ကားရေဆေး၊ ဆီလိုက်လုပ်ငန်းစသည့်ယာဉ်နှင့်ပတ်သက်သောအသေးစားစက်မှုလက်မှုလုပ်ငန်းများဖြင့် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့အစည်း၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးမှပြောကြားသည်။
imyanmarhouse