အင်းလေးဟိုတယ်စီမံကိန်း ဒေသခံအများစုလက်ခံ


07 December, 2020

အင်းလေးဒေသရှိ မိုးသောက်ကျေးရွာအနီး မြေဧက (၉၀)ပေါ်မှာ Myanmar Naing Group ကုမ္ပဏီရဲ့ ဟိုတယ်စီမံကိန်းဟာ အစိုးရကွင်းဆင်းစစ်ဆေးရေးအဖွဲ့ လတ်တလောစစ်ဆေးမှုတွေအရ ဒေသခံအများစုက လက်ခံတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

        ဒီဇင်ဘာ (၇)ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သည်ကိစ္စနဲ့ပက်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။ ဦးဇော်ဌေးက ‘ တချို့ကလဲ ဒီပေါ်မှာ အပြုသဘောနဲ့ လက်ခံတဲ့ အဖွဲ့တွေလဲရှိတယ်၊ အများစုက လက်ခံတယ်၊ အနည်းစုကတော့ ကန့်ကွက်နေတယ်ဆိုတဲ့ သဘောတော့သိရတယ်၊ သို့သော် ဒီအသေးစိတ်ကတော့ သူတို့ကွင်းဆင်းစစ်ဆေးမှုတွေ ထပ်ခါထပ်ခါပြုလုပ်ပြီး ထွက်လာမှာပေါ့ ‘ လို့ ပြောပါတယ်။

        ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြည်နယ်အစိုးရတွေပါဝင်တဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဟာ ဟိုတယ်ဆောက်ဖို့နေရာကို ဘေးမဲ့တောနယ်မြေကနေ ပလပ်လိုက်တဲ့ကိစ္စ၊ ဟိုတယ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ၊ ဒေသခံပြည်သူတွေရဲ့ သဘောထား သည်သုံးသပ်ချက်ကို အဓိကကွင်းဆင်းလေ့လာနေတာပါ။ ရရှိလာတဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုတော့ နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။


        သည်ကိစ္စနဲ့ပက်သက်ပြီး လွန်ခဲ့တဲ့ (၃)နှစ်ခန့်က ဆန္ဒပြမှုတွေရှိခဲ့တယ်။ သည်နှစ် ဇွန်လနဲ့ သြဂုတ်လအတွင်းမှာတော့ ကျေးရွာဒေသခံတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အင်းလေးဒေသခံတွေက သက်ဆိုင်ရာဌာနအသီးသီးနဲ့ နိုင်ငံတော်သမ္မတဆီကို စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

        Myanmar Naing Group ကုမ္ပဏီက သည်နေရာမှာ ဟိုတယ်ဆောက်လုပ်ဖို့ (၂၀၁၁)ခုနှစ်ကတည်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သည်နှစ် သြဂုတ်လမှာတော့ မြေလွတ်မြေရိုင်းများ အသုံးချခွင့် တင်ပြတောင်းခံလာတာကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ထားတဲ့အပေါ် ကန့်ကွက်မှုတွေ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

        ဟိုတယ်ဆောက်လုပ်ဖို့ လျာာထားတဲ့နေရာဟာ အင်းလေးကန်ဇီဝ အဝန်းနယ်မြေဖြစ်ပြီး သဘာဝနုန်းထိန်း၊ ရေထိန်းနေရာဖြစ်တာကြောင့် ဂေဟစနစ် ပျက်စီးမှာကို စိုးရိမ်တယ်ဆိုပြီး ဒေသခံအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့က ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

Region Read 315 times