ပုဂံရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်နေမှုများကို ရပ်ဆိုင်းထားရန်ညွှန်ကြား


06 December, 2020

     ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်နေမှုများကို ရပ်ဆိုင်းထားရန် ညွန်ကြားထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

            ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ပုဂံကွန်ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က အတည်ပြုပြောကြားသည်။

          ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ပုဂံအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေး မှတ်တမ်းဆုံးဖြတ်ချက် အပိုဒ် ၁၉ (ဆ) တွင် သတ်မှတ်ထားသည့် ဇုန်ဧရိယာနှင့် ကာကွယ်ထိန်းသိမ်းထားသည့် ဧရိယာမျာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၏ တည်ဆောက်ရေးပစ္စည်းများကို ဩဂုတ်လကုန် နောက်ဆုံးထား၍ လမ်းများပေါ်နှင့် လူမြင်ကွင်းများမှ ရှင်းလင်းပေးထားရန်နှင့် ဩဂုတ်လကုန်မှ စက်တင်ဘာလကုန်ထိ တည်ဆောက်ရေး လုပ်ငန်းခွင်များ ခေတ္တရပ်ဆိုင်းထားရန်ဟု ဖော်ပြထားသည်။

           အဆိုပါညွန်ကြားချက်ကို သိရှိလိုက်နာနိုင်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်၊ တည်းခိုခန်းများထံသို့ ပုဂံအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက အသိပေးအကြောင်းကြားစာများ ဖြန့်ဝေခဲ့သည်။

          ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး အဆိုပြုစာတွဲကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ယူနက်စကိုအဖွဲ့ထံ မြန်မာအစိုးရက တင်ပြထားပြီးဖြစ်သည်။

          ပုဂံကို ယူနက်စကိုဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ တင်ပြထားမှုများကို လာရောက်အကဲဖြတ်ရန် အမွေအနှစ်နှင့် ယဉ်ကျေးမှုဒေသများဆိုင်ရာ နိုင်ငံတကာ ကောင်စီမှ တာဝန်ရှိသူများ စက်တင်ဘာလအတွင်း ပုဂံသို့လာရောက်ရန်ရှိနေကြောင်း ယူနက်စကိုမြန်မာရုံးခွဲ၊ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

“ သူတို့ကနေပြီး အစီရင်ခံစာကို ယူနက်စကိုကို တင်ပြမယ်။ ပုဂံဒေသဟာ ယူနက်စကို ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုတာကို တင်ပြမယ်ပေါ့။ မြန်မာနိုင်ငံက တင်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှုရှိမရှိ၊ ပြည်သူနဲ့အစိုးရက တကယ် ကျင့်သုံးနေမသုံးဆိုတာ အကဲလာဖြတ်မှာ ”ဟု ၎င်းကပြောဆိုသည်။

           ထိုသို့ လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများ၏ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို ယခုလကုန်နောက်ဆုံးထား၍ လမ်းများပေါ်နှင့် လူမြင်ကွင်းများမှ ရှင်းလင်းပေးထားရန်နှင့် အဆောက်အအုံ ဆောက်လုပ်နေမှုများကို ဩဂုတ်လ ၃၁ ရက်နေ့မှစက်တင်ဘာ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားထားခြင်းကို ပုဂံဒေသခံအချို့က ဝေဖန်လျက်ရှိသည်။

Infrastructure and Zones Read 85 times