၅ ထပ်အဆောက်အဦပါဝင်သည့် နိုင်ငံတကာအဆင့်မီယာဉ်ရပ်နားစခန်း


06 December, 2020

မန္တလေးမြို့ ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်းအဆင့်မြှင့်တင်ရေးအတွက် ကုမ္ပဏီမှ တင်ပြသည့် အဆောက်အအုံဒီဇိုင်းမှာ လက်တွေ့ ယာဉ်ရပ်နားရန် အားနည်းချက်များရှိနေသဖြင့် မြို့တော်စည်ပင်နှင့် တည်ဆောက်မည့်ကုမ္ပဏီကို တင်ပြထားကြောင်း အဝေးပြေးယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

          ယာဉ်ရပ်နားစခန်းတည်ဆောက်မည့် ဒီဇိုင်းတွင် မူလကားကွင်းဧရိယာ ၁၄ ဧကကျော်တွင် အဆင်မြှင့်တင်မည့် ယာဉ်ရပ်နားစခန်းမှာ ၆ ဧကသာဖြစ်သောကြောင့် နေ့စဉ်ပြေးဆွဲနေသော ယာဉ်များရပ်နားရန်၊ယာဉ်လုပ်သားများ နားနေရန်၊ ယာဉ်ဂိတ်များအတွက် ရုံးခန်းများစသည့် အဖက်ဖက်က အဆင်မပြေမှုများရှိနေသည်ဟု ဆိုသည်။ “ကားဂိတ်တွေအတွက် လုပ်ပေးတာဖြစ်လို့ လက်တွေ့မှာ အဆင်ပြေမယ့် အဆင့်မြှင့်တင်မှုမျိုးဖြစ်ချင်တယ်။အ မည်ခံ အဆင့်မြှင့်တာမလိုချင်ပါဘူး။သူတို့ဆွဲတဲ့ ဒီဇိုင်းမှာ City Buss လောက်ပဲ၊ကျမတို့ရဲ့ Express တွေက အလျားပိုရှည်တာအတွက် အဆင်မပြေဘူး။လက်တွေ့နဲ့ဆို ဒီဇိုင်းပိုင်းအားနည်းတယ်။တည်ဆောက်ပြီးမှ ကားတွေ ဝင်မရ/ ထွက်မရနဲ့ဆိုရင် ပြဿနာတက်မယ်”ဟု မန္တလာမင်းယာဉ်အသင်းပိုင်ရှင် ဒေါ်လဲ့လဲ့အေးက ပြောသည်။

            အဆိုပါ ယာဉ်ရပ်နားစခန်းအဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ မြို့တော်စည်ပင်၊တည်ဆောက်မည့် ကုမ္ပဏီနှင့် ယာဉ်လုပ်ငန်းရှင်များက ဦးတည်ချက်တူသော်လည်း ၊Express ကားများမှာ ၁၄ မီတာရှည်သဖြင့် တည်ဆောက် မည့် ဒီဇိုင်းတွင် ကားကွင်းဝင်ထွက်ပေါက်များကျဉ်းခြင်းယာဉ်မောင်းများနားနေရန်မှာ တစ်နေရာတည်း စုပေါင်း ထားခြင်း၊ဆိုက်ရောက်ထွက်ခွာနေရာများတွင် ကားရပ်နားနိုင်သည့် အစီးရေနည်းခြင်းတို့သည် အဆင်မပြေနိုင် ဟု ဆိုသည်။

“ယာဉ်လုပ်ငန်းရှင်တွေ တောင်းဆိုတာက စီမံကိန်းအကြီးစားဖြစ်တဲ့အတွက် လုပ်တဲ့နေရာမှာ ပညာရှင်တွေ ပါဝင်တဲ့ Consultants တွေ ပါတာမတွေ့ဘူး။တည်ဆောက်မယ့် ကုမ္ပဏီက ငှားထားတဲ့ ကုမ္ပဏီက ဒီဇိုင်း ဆွဲတင်ပြတယ်။ ကားကွင်းတစ်ခုတည်ဆောက်ရာမှာ Impact တွေအများကြီးရှိတဲ့အတွက် အစိုးရဘက်က Consultants လိုပါတယ်။” ဟု ယာဉ်ဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးနေလင်းဦးက ပြောသည်။

          ကားကွင်းတည်ဆောက်ရာ၌ Environment , Economic နှင့် Social Impact များရှိနိုင်ပြီး ကားကွင်းမှ နေ့စဉ် ထွက်ခွာသည့် ယာဉ်ပေါင်း တစ်ရက်လျှင် အစီးရေ ၄ဝဝ ခန့်ရှိကြောင်း၊ယာဉ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း မှာ တတိယအကြိမ်ဖြစ်၍ ယခုတွေ့ဆုံမှုတွင် အဆင့်မြှင့်တည်ဆောက်မည့် ကားကွင်းအဆောက်အအုံဒီဇိုင်းကို သိရှိ ခဲ့ရပြီး ယခင်တွေ့ဆုံမှုများတွင် မသိရှိခဲ့ရသဖြင့် ပွင့်လင်းမြင်သာမှုနည်းသည်ဟု ၎င်းတို့က သုံးသပ်ကြသည်။

“ကုမ္ပဏီဘက်ကလည်း ခဏခဏဒီဇိုင်းပြင်နေရလို့ စိတ်ပျက်နေပြီ။ဒီလုပ်ငန်းအတွက် အဆင့်မြှင့်တယ်ဆိုရင် ဒီလုပ်ငန်းမှာ အဆင်ပြေရမယ်။အဆင့်မြှင့်လိုက်ပါရဲ့။အဆောက်အဦကြီး ကြီးသွားပါရဲ့။ကားလည်းဝင်မရ ထွက်မရ အပြင်မှာရပ်ရတော့ ဒဏ်ရိုက်ခံရမယ်။ကုန်လည်း ချမရ တင်မရဘူးဆိုရင် အဆင့်မြှင့်တင်တယ်ဆိုတာ အလဟသဖြစ်မယ်။ဆောက်ပြီးမှ ကားတွေ ဝင်မရ/ထွက်မရနဲ့ဆိုက်ရောက်/ထွက်ခွာမှာ အဆင်မပြေတာ တွေဖြစ်လာရင် ဘယ်သူဖြေရှင်းမလဲ၊ ဘယ်သူက တာဝန်ယူမလဲ။”ဟု ဒေါ်လဲ့လဲ့အေးက ပြောသည်။

          M.Development Corporation (Myanmar)Co.,Ltd က အမေရိကန်ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံကာ ယာဉ်ရပ်နားစခန်းကို ၅ ထပ်အဆောက်အဦပါဝင်သည့် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းအဖြစ် အဆင့်မြှင်တင်မည်ဖြစ်ပြီး Business Center , Shopping Center , Condo များ၊ဟိုတယ်များနှင့် အခြားဆိုင်ခန်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Region Infrastructure and Zones Read 90 times