၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ၁ဝလ အတွင်းနိုင်ငံခြားကုမ္ပဏီ ၁၈၈ခု မြန်မာနိုင်ငံတွင်ဒေါ်လာ ငါးဘီလျံခန့်(ဒေါ်လာ ၄၉၆ဝ ဒသမ ၃၃၄သန်း)ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုန်ထုတ်လုပ်မှု၊အိမ်ခြံမြေ၊ဆက်သွယ်ရေးကဏ္ဍတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁၅၈ဝ ဒသမ၁၉၄သန်း(လုပ်ငန်း ၁၁၆ခု)၊အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၁၃၄ ဒသမ၄၃၇သန်း(လုပ်ငန်း၁ဝခု)၊သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာဒေါ်လာ ၆၉၆ဒသမ ဝ၉၉ သန်း(လုပ်ငန်းခုနှစ်ခု)၊စွမ်းအင်ကဏ္ဍတွင်ဒေါ်လာ ၃၆၂ ဒသမ ၉၉၆သန်း(လုပ်ငန်းသုံးခု)၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၅၄ ဒသမ ၄၃၇ သန်း(လုပ်ငန်းသုံးခု)၊စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ၄၉၅သန်း(လုပ်ငန်းခုနှစ်ခု)၊စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ဒေါ်လာ ၃၄ဒသမ ဝ၃၇သန်း(လုပ်ငန်းတစ်ခု)၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၃ ဒသမ ၈၁၂သန်း(လုပ်ငန်းခုနှစ်ခု)၊အခြားအထွေထွေ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၈၃၉ ဒသမ ၅၁၇ သန်း(လုပ်ငန်း ၃၄ခု) ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၁ဝလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့် နိုင်ငံများ စာရင်းတွင် စင်ကာပူနိုင်ငံသည် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်နေသော်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် ယခင်နှစ်ကထက် သိသိသာသာပိုမိုများပြားခဲ့ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၇၆ သန်း ကျော်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ခုနှစ် ဇန်နဝါရီလကုန်အထိ စုစုပေါင်း ခွင့်ပြုထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ရ၅ ဒသမ ၂၇၄ ဘီလျံ(လုပ်ငန်း ၁၄၃၅ခု)ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေ တွက်ခြေကိုက်မှု၊အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ပြည်တွင်းပြည်ပ စျေးကွက်အခြေအနေ၊ပြည်တွင်းစားသုံးနိုင်ရန်လိုအပ်ချက်၊နည်းပညာဆီလျော်မှု၊တီထွင် ဆန်းသစ်မှု ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု အစီအမံများ၊တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်းစသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။