ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ငန်းလုပ်ကိုင်မှုမရှိဘဲလစ်လပ်နေသောစက်မှုဇုန်မြေကွက်များစွာ ရှိနေပြီး ယင်းမြေကွက်များမှာ ဈေးနှုန်းမြင့်တက်နေသဖြင့် အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြေနေရာအခက်အခဲများရှိနေကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်ခြင်းမရှိသော မြေကွက်များစွာ ရှိနေသေးပြီး ယင်းမြေကွက်များကို စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်ရန်လိုအပ်နေကြောင်း၊
အမှန်တကယ်ရင်းနှီး မြှုပ်နှံမည့်သူများအားမြေနေရာများချထားပေးသည်ဆိုသော်လည်း လုပ်ငန်းရှင်များလက်ထဲသို့ တိုက်ရိုက်ရောက်ရှိမှုနည်းပါးကြောင်း၊အမှန်တကယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော စက်မှုဇုန်မြေကွက်ပိုင်ဆိုင်သူများထံမှ ဈေးကြီးပေးကာ ပြန်လည် ဝယ်ယူလုပ်ကိုင်နေကြရပြီး ထိုအခြေအနေများကို ဥပဒေအရဖြေရှင်း၍ရနိုင်သော်လည်း ဆောင်ရွက်မှုအားနည်းနေသေးကြောင်း၊စက်မှုဇုန်များတွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိပါကပြန်လည် သိမ်းဆည်းနိုင်သော တရားဝင်ဥပဒေလည်း ရှိနေသည့်အတွက် ဆောင်ရွက်ရန်လိုကြောင်း သိရသည်။
ယင်းစက်မှုဇုန်များတွင် မြေကွက်များဝယ်ယူ၍ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်း မရှိဘဲ မြေဈေးကစားကာ ပြန်လည်ရောင်းချနေမှုများလည်း ရှိနေကြောင်း၊လုပ်ငန်းလည်ပတ်ခြင်း မရှိသောမြေကွက်ပိုင်ရှင်မှာ
မည်သူမည်ဝါဖြစ်သည်ကို တိကျစွာသိရှိရန်စုံစမ်းဖော်ထုတ်မှုများပြုလုပ်၍ အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆောင်ရွက်ပေးသင့်ကြောင်း၊ရန်ကုန်တိုင်းဒေသကြီး
အတွင်းသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစက်မှုဇုန်များတွင်လည်း ထိုအခြေအနေမျိုးရှိနေနိုင်ပြီး စနစ်တကျဖော်ထုတ်၍ စီမံခန့်ခွဲသင့်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန်ပေါင်း ၂၉ခုအထိရှိနေကြောင်းစက်မှုဇုန်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် အစိုးရမှ မြေနေရာအတည်ပြုပြီး လုပ်ငန်းရှင်များဖိတ်ခေါ်သွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားကြောင်း သိရသည်။
Source:Myawaddy