ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၁၄၅ဝ သန်းအကုန်အကျခံတည်ဆောက်နေခဲ့သည့်လေးမျက်နှာ ငဝန်မြစ်ကူးတံတားစီမံကိန်းမှာ ၉၅ ရာခိုင်နှုန်းကျော်လုပ်ငန်းများ ပြီးစီးနေပြီဖြစ်သောကြောင့် မော်တော်ယာဉ်များ ယာယီဖြတ်သန်းသွားခွင့်ပြုရန် စီမံဆောင်ရွက်နေကြောင်းသိရသည်။
လေးမျက်နှာ-ခတ္တူ-ပန်းတောကြီးလမ်းပေါ်တွင်တည်ဆောက်နေသည့် လေးမျက်နှာ ငဝန်မြစ်ကူးတံတားမှာ အလျား ၁၉၆၈.၆ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် ၂ ပေကျယ်ဝန်းသည့် လူသွားလမ်းနှစ်ဖက်ပါဝင်ကြောင်း၊လေးမျက်နှာငဝန်မြစ်ကူးတံတားအား ၂ဝ၁၆ ခုနှစ်နိုဝင်ဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် ၉၅ ရာခိုင်နှုန်းပြီးစီပြီဖြစ်သောကြောင့် အရေးပေါ်မော်တော်ယာဉ်များစတင်ဖြတ်သန်းသွားလာနိုင်နေပြီး တံတားဖွင့်ပွဲ မတိုင်မီ အခြားသော မော်တော်ယာဉ်များ ယာယီဖြတ်သန်းသွားလာခွင့် ကို ယခုရက်ပိုင်းအနည်းငယ်အတွင်းစတင်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
"တံတားပေ အရှည်မှာ ၁၉ဝဝ ခန့်ရှိတယ်၊ထိုတံတားတည်ဆောက်မှုသည် တိုင်းဒေသကြီး ဘတ်ဂျက်နှင့် တည်ဆောက်ခြင်းဖြစ်သည်။၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ၊တံတား အပေါ်က လုပ်စရာနည်းနည်းပါးပါးကျန်သေးသည်။
သို့သော် ဟိုဘက်ကမ်း ဒီဘက်ကမ်းအရေးပေါ်ကူးမယ်ဆို ကူးလို့ရတဲ့ အနေအထားဖြစ်နေပြီ တံတား အထူးတည်ဆောက်ရေးအဖွဲ့ ၁၆ မှ ယာယီ ကူးလို့အဆင်သင့်ဖြစ်ပြိ ဆိုတာနှင့်တင်ပြပါလိမ့်မယ်။ယခုတော့ ၉၅ ရာခိုင်နှုန်း ပြီးနေပါပြီမကြာမီ ယာယီဖြတ်သန်းခွင့်ပေးတော့မှာပါ "
ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊လမ်းပန်းနှင့် စက်မှုဝန်ကြီး မှ ပြောကြားလိုက်သည်။
လေးမျက်နှာ ငဝန်မြစ်ကူးတံတားစီမံကိန်းမှာ ၂ဝ၁၈ ခုနှစ်အတွင်း လုပ်ငန်းအားလုံးပြီးစီးနိုင်ရန် မျှော်မှန်းထားပြီး ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။