၂ဝ၂ဝ- ၂ဝ၂၁ တွင် ထိပ်ပိုင်းနိုင်ငံ ၁ဝဝ စာရင်းဝင်ရောက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိ


06 December, 2020

  Doing Business 2018 အစီရင်ခံစာအရ ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝ ရှိသည့်အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၁ တွင် ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အဆင့်ကို မြှင့်တင်သွားရန် မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


    လက်ရှိအကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရ လာမည့် ၂ဝ၂ဝ-၂၀၂၁ တွင် မြန်မာနိုင်ငံအနေဖြင့် Doing Business အတွက် ထိပ်ပိုင်းနိုင်ငံ ၁၀၀ စာရင်းသို့ ဝင်ရောက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

    မြန်မာနိုင်ငံအနေဖြင့် Doing Business တိုးတက်လာစေရန် လျှပ်စစ်မီး၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းနှင့် ကုန်သွယ်မှုအခြေအနေ အပါအဝင် စီးပွားရေးပတ်ဝန်းကျင်ကို သက်ရောက်စေသည့် နယ်ပယ်အမျိုးမျိုးတွင် အခြေခံကျသည့် တိုးတက်မှုကို လိုအပ်ကြောင်း သိရသည်။

    Doing Business ၂၀၁၇ တွင် အညွှန်းကိန်းပေါင်း ၇၀ ဝန်းကျင်ရှိပြီး ထပ်မံခွဲခြားလိုက်သည့်အခါ အညွှန်းကိန်းပေါင်း ၁၂၀ ခန့်ရှိကြောင်း၊ အတိုင်းအတာနည်းလမ်းများ ပြန်လည်သုံးသပ်ရာတွင် အညွှန်းကိန်း အရေအတွက် ထပ်မံတိုးလာဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ဖော်ပြထားသည်။

    ရင်းနှီးမြှုပ်နှံသူများသို့ လုံလောက်စွာ ဆွဲဆောင်နိုင်ရန် အဆင့်တစ်ခုဆီသို့ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် အဆိုပါ အညွှန်းကိန်းများအတွက် မြန်မာနိုင်ငံ၏ စွမ်းဆောင်ချက်ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ယင်းတို့ တိုးတက်ကောင်းမွန်စေခြင်း၏ ပထမအဆင့် (မူလ) ရည်ရွယ်ချက်များမှာ ဗဟိုမှခန့်အပ်သည့် အရာရှိများဖြင့် အုပ်ချုပ်သည့် ဗျူရိုကရေစီစနစ် ဖယ်ရှားရေးနှင့် စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်များ လျှော့ချခြင်းတို့ဖြစ်ကြောင်း သိရသည်။


    ထပ်မံ၍ ရင်းနှီးမြှုပ်နှံသူများ၏ အမြင်ဘက်မှ ဦးစားပေးမှု အညွှန်းကိန်းများကို စဉ်းစားရန် အရေးကြီးကြောင်း၊ အညွှန်းကိန်း၏ အဆင့်အလိုက် ရည်မှန်းချက်များ တိုးတက် ကောင်းမွန်ရေးကို ဆက်စပ်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပါဝင်လျက် ရေးဆွဲချမှတ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။


    လက်ရှိတွင် တရုတ်နိုင်ငံက ရမှတ် ၆၄ ဒသမ ၂၈ ဖြင့် အဆင့် ၇၈ တွင် ရှိနေကြောင်း သိရသည်။ ထိပ်တန်းနိုင်ငံ ၅၀ သို့ ဝင်ရောက်ရန် အဆင့် ၇၂ ရှိရမည်ဖြစ်ပြီး အဆိုပါ ထိပ်တန်းနိုင်ငံ ၅၀ တွင် ထိုင်းနိုင်ငံက ရမှတ် ၇၂ ဒသမ ၅၃ ဖြင့် အဆင့် ၄၆ နေရာတွင် ရပ်တည်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ဖော်ပြထားသည်။

Local Read 50 times