သထုံ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်


27 October, 2020

မွန်ပြည်နယ်သထုံမြို့ကြာပန်းကျေးရွာရှိသထုံဓာတ်အားပေးစက်ရုံဝင်းအတွင်းသဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတည်ဆောက်နေရာ

၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းဓာတ်အားမလုံလောက်မှုများလျော့ကျစေပြီး ဓာတ်အားဖြန့်ဖြူးမှုစနစ်ပိုမို တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားထုတ်လုပ်သည့်စနစ်အား အားဖြည့်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဒေါ်လာသန်း ၁၄၀ ဖြင့် ၂၀၁၆ ခုနှစ်ဇန်နဝါရီလမှစတင်၍ တည်ဆောက်ခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်လက်ရှိသုံးနေသည့်ဓာတ်အားပေးစက်များမှာဟောင်းနေသောကြောင့် ပြင်သစ်နိုင်ငံထုတ်စက်သစ်ကြီးများအသုံးပြုပြီး ဓာတ်အားထုတ်လုပ်ပေးမည်ဖြစ်ပါသည်။

သထုံသဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးပါက နေ့စဉ်လျှပ်စစ် ၁၁၉ ဒသမ ၉ မီဂ္ဂါဝပ်ထုတ်ပေးနိုင်မည်ဖြစ်ပြီး စက်ရုံတွင်အသုံးပြုရန်သဘာဝဓာတ်ငွေ့များအား ဇောတိကသဘာ၀ ဓာတ်ငွေ့လိုင်းမှ ရယူအသုံးပြုသွားမည်ဖြစ်ကာ ထွက်ရှိလာသောဓာတ်အားများအားမဟာ ဓာတ်အားလိုင်းမှ တစ်ဆင့် ၂၃၀ ကေဗွီ၊ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားပေးခွဲရုံများသို့ပို့လွှတ်ကာ ယင်းမှတစ်ဆင့် ပြည်သူများထံဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စက်ရုံတွင်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်လေထုအတွင်းသို့ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ၊ ဆူညံသံထုတ်လွှတ်မှုအဆင့်တို့ကို ကမ္ဘာ့ဘဏ်၏စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင်ဆောင်ရွက်ထားပြီး စက်ရုံမှထွက်သည့်ရေဆိုး၊ ရေညစ်များကိုရေသန့်စင်စက်ဖြင့်ပြန်လည်သန့်စင်ကာထွက်လာသည့်ရေသန့်များကို စက်ရုံအတွင်းပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

စက်ရုံတွင်ပြင်သစ်နိုင်ငံထုတ်ဓာတ်ငွေ့တာဘိုင်နှစ်လုံး၊ တရုတ်နိုင်ငံထုတ်ဘွိုင်လာနှစ်လုံးနှင့် ရေနွေးငွေ့တာဘိုင်တစ်လုံးတို့ကိုတပ်ဆင်သွားမည်ဖြစ်ပြီး စက်ရုံသစ်ပြီးစီးသွားပါက လက်ရှိလည်ပတ် လျက်ရှိသည့် သထုံသဘာဝဓာတ်ငွေ့သုံးစက်ရုံအားအရန်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

Source: Pyimyanmar journal

Local Read 53 times